ကချင်ဆရာမ၂ ဦးအသတ်ခံရမှုဆုတောင်းပွဲ

  • 29 ဧပြီ 2015
ကချင်ဆရာမနှစ်ဉီး စျာပနအခမ်းအနား ဓာတ်ပုံ မူပိုင် AFP
Image caption ကချင်ဆရာမနှစ်ဉီး စျာပနအခမ်းအနား

ရှမ်းပြည်မြောက်ပိုင်း ကောင်းခါး ကျေးရွာမှာ အဓမ္မပြုကျင့်ခံရပြီး အသတ်ခံရတဲ့ စေတနာ့ဝန်ထမ်း ကချင်ဆရာမ (၂)ဦး ရဲ့ ရက် (၁၀၀)ပြည့် ဆုတောင်းပွဲကို ရန်ကုန်မှာ ဒီကနေ့ ပြုလုပ်ခဲ့ပါတယ်။

ဆုတောင်းပွဲကို အမျိုးသမီး ကွန်ရက်အဖွဲ့တွေ၊ အခွင့်အရေး လှုပ်ရှားသူတွေ အပြင် ဘာသာပေါင်းစုံ အဖွဲ့ဝင် (၅၀) လောက် တက်ရောက်ခဲ့တာ ဖြစ်ပါတယ်။ ကချင် နှစ်ခြင်း ခရစ်ယာန်အဖွဲ့ချုပ် (ကေဘီစီ) မှဒီ ကျောင်းဆရာမ (၂)ဦးဟာ သူတို့ နေထိုင်တဲ့ ကောင်းခါးကျေးရွာက ခရစ်ယာန်ကျောင်းဝင်းအတွင်း ဇန်နဝါရီလ (၁၉) ရက်နေ့ညက အဓမ္မပြုကျင့် ခံရပြီး အသတ်ခံခဲ့ရတာ ဖြစ်ပါတယ်။အသတ်ခံရချိန်ဟာ အရှေ့မြောက်ပိုင်း စစ်ဌာနချုပ်က လက်အောက်ခံ တပ်ရင်း ခမရ (၅၀၃)က စခန်း လာချ ချိန်နဲ့လည်း တိုက်ဆိုင်နေတယ်ဆိုပြီး ပြောဆိုမှုတွေလည်း ရှိနေပါတယ်။

ဒါနဲ့ ပတ်သက်လို့ ကေဘီစီ နဲ့ ရှမ်းပြည်နယ်ထဲက ကချင် ရှေ့နေများ ကွန်ရက် အဖွဲ့ဝင်တွေ ဦးဆောင်တဲ့ အမှုမှန်ဖော်ထုတ်ရေး အဖွဲ့ ကနေ စုံစမ်းစစ်ဆေးမှုတွေ အပြင် ရဲတပ်ဖွဲ့ဘက်ကလည်း စစ်ဆေးမှုတွေ ပြုလုပ်နေပါတယ်။

ကေဘီစီ ဘက်က စုံစစ်ဆေးမှုမှာတော့ ဒေသခံ ရွာသားတွေကို ခေါ်စစ်တဲ့ အပိုင်းက ပြီးသလောက် ရှိနေပြီ ဖြစ်ပေမယ့် တပ်ဘက်ပိုင်းကို စစ်ဆေးနိုင်ဖို့ ခွင့်ပြုချက်တောင်းထားတယ်လို့ ကေဘီစီရဲ့ စုံစမ်းစစ်ဆေးရေး ကော်မတီဝင် ဦးဇော်လား က ပြောပါတယ်။ ဆရာမ (၂)ဦး သေဆုံးမှုမှာ သံသယရှိသူတွေရဲ့ ဒီအန်အေ စစ်ချက် အဖြေကလည်း ခုထိ ထွက်ရှိမလာ သေးဘူးလို့ ဦးဇော်လားက ပြောပါတယ်။