White Card တွေ ပြန်အပ်နေတာ သိန်းနဲ့ချီရှိ

  • 29 ဧပြီ 2015
Image caption White Card ကိုင်ဆောင်သူတွေ မဲပေးခွင့် မရှိရေး ဆန္ဒထုတ်ဖော်ခဲ့ကြ

မြန်မာ တစ်နိုင်ငံလုံး White Card တွေကို ပြန်လည် သိမ်းဆည်း နေရာမှာ အပ်နှံသူ အရေအတွက် သိန်းဂဏန်းနဲ့ ချီပြီး ရှိသွားပြီ ဖြစ်ပါတယ်။

ဒီနှစ် မတ်လ ၃၁ ရက်နေ့ ကစလို့ သက်တမ်း ကုန်ဆုံးသွားပြီ ဖြစ်တဲ့ White Card လို့ လူသိများတဲ့ ယာယီ သက်သေခံ ကတ်ပြားတွေကို သက်ဆိုင်ရာ လူဝင်မှု ကြီးကြပ်ရေး ဌာနကနေ ပြန်လည် သိမ်းဆည်းနေရာမှာ မိမိသဘောနဲ့ လာရောက် အပ်နှံတဲ့ White Card အရေအတွက်ဟာ တစ်နိုင်ငံလုံး အနေနဲ့ သုံးသိန်းကျော်သွားပြီ ဖြစ်ပါတယ်။

မြန်မာ တစ်နိုင်ငံလုံးမှာ ကိုင်ဆောင်သူ အရေအတွက် ၇၆၁၀၆၄ ရှိပြီး ၃၂၁၈၁၄ အပ်နှံထားပြီ ဖြစ်တယ်လို့ နေပြည်တော်မှာရှိတဲ့ လူဝင်မှု ကြီးကြပ်ရေး ညွှန်ကြားရေးမှူး ဦးတင်ချယ်က ဘီဘီစီကို ပြောပါတယ်။

ရခိုင်ပြည်နယ် မှာတော့ အများဆုံးဖြစ်ပြီး White Card ကိုင်သူ စုစုပေါင်း ၆၆၆၃၈၁ ရှိတယ်လို့ သူကပြောပါတယ်။

အဲဒီ အထဲက ၃၀ဝ၄၃၂ ကတ်ကို အပ်နှံပြီး ဖြစ်တယ်လို့လည်း ဆိုပါတယ်။

White Card တွေ ပြန် အပ်နှံပြီးတဲ့ နောက်မှာ White Card ကိုင်ဆောင်သူတွေရဲ့ အရေးနဲ့ ပတ်သက်လို့ အသစ် ဖွဲ့စည်းထားတဲ့ လေ့လာ သုံးသပ်ရေး အကြံပြုချက် ကော်မရှင်ရဲ့ ညွှန်ကြားချက်အတိုင်း ဆက်လုပ်ဆောင် သွားမယ်လို့ ညွှန်ကြားရေးမှူး ဦးတင်ချယ်က ပြောပါတယ်။

အခု လောလောဆယ်မှာ နိုင်ငံသား အဖြစ် လျှောက်ထားလိုသူတွေ အနေနဲ့ လျှောက်ထားနိုင်ပြီး ၁၉၈၂ ခုနှစ် နိုင်ငံသား အက်ဥပဒေနဲ့ စစ်ဆေးပေးနေတယ်လို့ ပြောပါတယ်။

White Card ဟာ မြန်မာနိင်ငံမှာ ဘယ်လိုမှ အသုံးပြုလို့ မရတော့တဲ့ အတွက် မေလကုန်မှာ အားလုံး ပြန်အပ်ကြလိမ့်မယ်လို့ မျှော်လင့်ရကြောင်းလည်း လဝက ညွှန်မှူး ဦးတင်ချယ်က ပြောပါတယ်။