၂၀၁၅ ရွေးကောက်ပွဲမှာ ပါတီ ၉၀ နီးပါး ရှိလာနိုင်

  • 30 ဧပြီ 2015
ဓာတ်ပုံ မူပိုင် AP
Image caption လောလောဆယ် မဲဆန္ဒရှင် စာရင်းတွေ ပြုစုနေ

၂၀၁၅ ရွေးကောက်ပွဲမှာ ဝင်ရောက် ယှဉ်ပြိုင်ဖို့ တိုင်းရင်းသား ပါတီတွေအပါအဝင်၊ ပါတီသစ် ၁၅ ခု မှတ်ပုံတင် ဖို့ လျှောက်ထားပါတယ်။

အသစ်ဖွဲ့စည်း လိုတဲ့ပါတီ တွေအနေနဲ့ ဧပြီလ ၃၀ ရက်နေ့မှာ နောက်ဆုံးထားပြီး မှတ်ပုံတင် လျှောက်ထားဖို့ သတ်မှတ်ထားတာ ဖြစ်ပါတယ်။

လက်ရှိမှာ နိုင်ငံရေးပါတီ ၇၃ ပါတီမှတ်ပုံတင်ထားပြီးဖြစ်ပြီး အဲဒီထဲမှာတိုင်းရင်းသားပါတီ ၄၃ ပါတီ ပါဝင်ပါတယ်။

တကယ်လို့ ပါတီသစ်အားလုံး မှတ်ပုံတင်နိုင်ရင် ၂၀၁၅ ရွေးကောက်ပွဲမှာ ၈၈ ပါတီ အထိ ရှိလာ နိုင်ပါတယ်။

အသစ် တည်ထောင်ခွင့် လျှောက်ထား လာတဲ့ ပါတီ တွေကို နိုင်ငံရေး ပါတီများ မှတ်ပုံတင်ခြင်း ဥပဒေနဲ့ ညီမညီ သက်ဆိုင်ရာ ဝန်ကြီးဌာနတွေကို ပေးပို့စိစစ်တယ်လို့ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် ဒုတိယ ညွှန်ကြားရေးမှူး ဦးလှမောင်ချို ကဘီဘီစီကို ပြောပါတယ်။

ခွင့်ပြုဖို့ အချိန်ဘယ်လောက် ကြာမလဲဆိုတာ ကတော့ အဲဒီစိစစ်မှုတွေ အပေါ် မူတည် တယ်လို့ ဆိုပါတယ်။

တည်ထောင်ခွင့် ပြုပြီးတဲ့အခါ သက်ဆိုင်ရာပါတီ တွေက ရက် ၃၀ အတွင်းမှတ်ပုံတင် ပြန်လျှောက် ထားရမှာဖြစ်ပါတယ်။

မဲဆွယ် စည်းရုံးတာနဲ့ ပတ်သက်လို့တော့ ရွေးကောက်ပွဲ ကိုယ်စားလှယ်လောင်း အမည်စာရင်း ကြေညာပြီး နောက်တနေ့ကစပြီး ရွေးကောက်ပွဲမတိုင်ခင်ရက် အထိ စည်းရုံးနိုင်တယ်လို့ ဦးလှမောင်ချိုက ပြောပါတယ်။

လက်ရှိမှာ တော့ မဲဆွယ်ကာလကို ရက်ပေါင်း ၃၀ သတ်မှတ် ထားပေမယ့် နိုင်ငံရေးပါတီ တွေဖက်က တောင်းဆို တာရှိတဲ့အတွက် ရက်ပေါင်း ၆၀ အထိတိုးမြှင့်ပေးဖို့ စီစဉ်ဆောင်ရွက် နေတာလည်းရှိတယ်လို့သူက ဆိုပါတယ်။

လောလောဆယ် နိုင်ငံရေးပါတီတွေ လိုက်နာရမယ့် စည်းကမ်း (Code of conduct) တွေကို ဆွဲနေတဲ့အတွက် ပြီးစီးတဲ့ အချိန်အထိ စောင့်နေတာ လို့လည်း ပြောပါတယ်။

ရွေးကောက်ပွဲ ဝင်မယ့် ကိုယ်စားလှယ်လောင်း အမည် စာရင်းကိုတော့ ရွေးကောက်ပွဲ ကျင်းပမယ့် ရက်ကြေညာ ပြီးမှ ထုတ်ပြန်မှာဖြစ်ပါတယ်။

ရွေးကောက်ပွဲကို အောက်တိုဘာလ နောက်ဆုံးပတ် ဒါမှမဟုတ် နိုဝင်ဘာလ ပထမပတ် မှာ ကျင်းပမယ်လို့ ရွေးကောက်ပွဲကော်မရှင်က ပြောထားပါတယ်။

ရွေးကောက်ပွဲမတိုင်ခင် ရက် ၉၀ အလိုမှာ ရက်အတိအကျထုတ်ပြန်မယ် လို့ ဦးလှမောင်ချိုက ပြောပါတယ်။