လွှတ်တော်နဲ့ ဘဏ်လုပ်ငန်း ကဏ္ဍပြုပြင်ပြောင်းလဲရေး

parliament ဓာတ်ပုံ မူပိုင် AFP
Image caption ဘဏ်လုပ်ငန်း ဆိုင်ရာ ဥပဒေတွေ ပြဌာန်းတာ လွှတ်တော်က လုပ်နိုင်ပေမယ့် အစိုးရ က လိုက်ပါဆောင်ရွက်ဖို့လိုလို့ ဆို

ပြည်သူ့ လွှတ်တော်ရဲ့ ဘဏ်များနဲ့ ငွေကြေးဆိုင်ရာ ဖွံဖြိုးတိုးတက်ရေး ကော်မီတီ က ဥက္ကဌ ဦးအောင်သောင်း ဦးဆောင်တဲ့ ကော်မီတီဝင် ၇ ယောက် ဟာ ဂျာမန် အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး အေဂျင်စီ GIZ ရဲ့အစီအစဉ်နဲ့ ဂျာမနီ မှာ ဧပြီ ၁၉ ကနေ ၃၀ ရက်အထိ ၁၀ ရက် လောက် လေ့လာရေး ခရီးစဉ် ထွက်ခဲ့ပြီး ဘဏ္ဍာရေး ကဏ္ဍဆိုင်ရာ လုပ်ငန်း တွေ ကို လေ့လာခဲ့ကြပါတယ်။

ဒီ အဖွဲ့ဟာ ဂျာမနီ က ဖရန့်ဖွတ်မြို့မှာ ဗဟိုဘဏ် အပါအဝင် အစိုးရ က နောက်ခံရပ်တည်ပေးထားတဲ့ ဘဏ်တွေ ကိုလည်း လေ့လာခဲ့ကြပါတယ်။

ခရီးစဉ်မှာ ပါဝင်ခဲ့တဲ့ အဲဒီ ကော်မီတီ က လွှတ်တော်အမတ် ဦးဖြိုးမင်းသိမ်း က အစိုးရ က နောက်ခံရပ်တည်ပေးထားတဲ့ ဘဏ်တွေ ကို သူတို့ဆီမှာ ပေါ်လစီ ဘဏ်တွေ လို့ ခေါ်ကြောင်းနဲ့ ဒီဘဏ်တွေ က ဖွံ့ဖြိုးတိုးတက်မှု ဆိုင်ရာ လုပ်ငန်း တွေ အတွက် ငွေကို အတိုးနှုန်းသက်သာစွာ ထုတ်ချေးတဲ့အကြောင်း နဲ့ အစိုးရ က ပထမပိုင်းမှာ အရင်းမတည် ထုတ်ပေးထားပေမယ့် ဘဏ်လုပ်ငန်းတွေ ကတော့ အစိုးရထိန်းချုပ်မှုနဲ့ ကင်းလွတ်စွာ ဆောင်ရွက်တဲ့ အကြောင်း ပြောပြပါတယ်။

အစိုးရ က ဒီဘဏ် မပြိုလဲစေဖို့အာမခံချက် ပေးထားတဲ့ အတွက် လည်း ဒီဘဏ် တွေ ဟာ ဖွံ့ဖြိုးမှုဆိုင်ရာ လမ်းတံတားတည်ဆောက်တဲ့ စီမံကိန်းတွေ၊ လူနေအိမ်တွေ တည်ဆောင်တဲ့လုပ်ငန်း တွေ စတဲ့ ပြည်သူ့အကျိုးပြု စီမံကိန်းတွေ အတွက် အလွန် အကျိုးရှိတယ် လို့ လည်း သူ က ဆိုပါတယ်။

မြန်မာပြည်က ဘဏ်တွေ က ငွေကြေးခဝါချမှု အလွန်လွယ်ကူနေတယ် ဆိုတဲ့ စွပ်စွဲချက်တွေ ရှိတဲ့အပေါ် အဲဒီအရေး ကိုလည်း ဘယ်လိုပြင်ဆင်ကြဖို့ ဂျာမနီ ခရီးစဉ် က လေ့လာခဲ့ပါသလဲ ဆိုတဲ့ အမေးကို တော့ ပြည်သူ့ လွှတ်တော်ရဲ့ ဘဏ်များနဲ့ ငွေကြေးဆိုင်ရာ ဖွံဖြိုးတိုးတက်ရေး ကော်မီတီအဖွဲ့ဝင် ဦးဖြိုးမင်းသိမ်း က လိုအပ်တဲ့ထိန်းညှိစည်းမျဉ်းတွေ ကို နိုင်ငံတကာမှာ လုပ်ကြသလို ပြဌာန်းကြရမှာ ဖြစ်သလို၊ အစိုးရပိုင်း ကလည်း ဥပဒေပိုင်းဆိုင်ရာတွေ ကို သေသေချာချာ ဖိဖိစီးစီး လိုက်ပါဆောင်ရွက်ဖို့ လိုတဲ့ အကြောင်း ပြန်ဖြေ ပါတယ်။

ဗဟိုဘဏ်နဲ့ပတ်သက်ပြီး ဥက္ကဌ ရွေးချယ်မှုဆိုင်ရာမှာလည်း ပွင့်လင်းမြင်သာမှု ရှိဖို့လိုသလို၊ မြန်မာနိုင်ငံ က ဗဟိုဘဏ် ဟာ အစိုးရ နဲ့ ကင်းလွတ်စွာ လုပ်ကိုင် ဆောင်ရွက် ဖို့ လိုတဲ့အကြောင်းလည်း သူက ပြောပါတယ်။

မြန်မာနိုင်ငံမှာ ဘဏ်လုပ်ငန်းဆိုင်ရာ ပြုပြင်ပြောင်းလဲရေးတွေ ရှိနေပေမယ့် ပွင့်လင်းမြင်သာမှု မရှိတာ၊ ပြောင်းလဲမှု နှေးကွေးနေတာ၊ ဝန်ကြီးဌာနအချင်းချင်း သဘောတူညီမှရှိရှိ လုပ်ဆောင်မှု ကင်းမဲ့နေတာတွေ စတာတွေ နဲ့ပတ်သက်ပြီး ဝေဘန်တာတွေ လည်း ထွက်ပေါ်နေပါတယ်။