တောင်သမန်အင်းထဲ ငါးတွေ ထောင်သောင်းချီသေဆုံး

_304x171_b
Image caption တောင်သမန် အင်းထဲက ငါးတွေ ထောင်သောင်းချီ သေခဲ့

မန္တလေးတိုင်း အမရပူရမြို့နယ်က တောင်သမန် အင်းထဲမှာ ငါးအကောင်ရေ ထောင်သောင်း ချီပြီး ပြီးခဲ့တဲ့ ကြာသပတေး နေ့က အစုလိုက် အပြုံလိုက် သေဆုံး ခဲ့ပါတယ်။

ပြီးခဲ့တဲ့ ဧပြီလ တစ်လထဲမှာတင် တောင်သမန် အင်းထဲမှာ ငါးတွေ အစုလိုက် သေဆုံးမှုမျိုး နှစ်ကြိမ်တိုင် ဖြစ်ခဲ့တာပါ။

အင်းထဲမှာ အခုလို ငါးတွေ သေဆုံးမှုတွေဟာ နှစ်စဉ် ဖြစ်လေ့ ရှိတယ်ဆိုပေမယ့် အခုနောက်ပိုင်းမှာ သေဆုံးမှုတွေ ပိုစိတ်လာခဲ့ပါတယ်။

ဒီတခါမှာတော့ အင်းထဲမှာ သေဆုံးတဲ့ ငါးအကောင်ရေ ပိုများတယ်လို့ မန္တလေး တိုင်းဒေသကြီး ငါးမွေးမြူရေး ဦးစီးဌာန တိုင်းဦးစီးမှူး ဦးမျိုးအောင်က ပြောပါတယ်။

မိုးမကျခင်စပ်ကြား ရာသီဥတုက ပူ၊ ရေက နည်းတဲ့အတွက် အောက်ဆီဂျင် ပြတ်ပြီး ငါးတွေ သေဆုံးနေရတာလို့ ဆိုပါတယ်။

အနီးပတ်ဝန်းကျင်မှာ ရှိတဲ့ စက်ရုံတွေရဲ့ စွန့်ပစ် ပစ္စည်းတွေနဲ့ လယ်ယာမြေတွေက ဓါတ်မြေသြဇာတွေ၊ ပိုးသတ်ဆေးရည်တွေ တောင်သမန်အင်းထဲ စီးဝင်တာမျိုး ရှိပေမယ့် ဒါတွေကြောင့် ငါးတွေ အဆိပ်သင့်သေဆုံးတာ မဟုတ်သလို ဒီထဲကရေတွေကလည်း ဒေသခံတွေကို ဘေးအန္တရာယ် မဖြစ်စေနိုင်ဘူးလို့ သူက ပြောပါတယ်။

လောလောဆယ်အထိတော့ တောင်သမန် အင်းကို ထိန်းသိမ်း ဆောင်ရွက်မှုတွေ မရှိသလို အင်းထဲက ရေတွေဟာ လည်း တစ်နှစ်ထက် တစ်နှစ် ပိုမို ညစ်ညမ်းလာနေတယ်လို့ သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေး အဖွဲ့ တစ်ခု ဖြစ်တဲ့ စိမ်းရောင်စို လှုပ်ရှားမှုအဖွဲ့ အတွင်းရေးမှူး ကိုမောင်မောင်ဦး က ပြောပါတယ်။

တောင်သမန်အင်းကို အင်းအဖြစ် ပိတ်လိုက်ပြီး နောက်ပိုင်း ၁၉၉၈ ခုနှစ်မှာ ဖြစ်ခဲ့တဲ့ ငါးသေဆုံးမှု ပြီးရင် ဒီတခါ ငါးသေဆုံးမှုက အများဆုံး ဖြစ်ပါတယ်။

အခုလို ငါးတွေ သေဆုံးရတာ ဘာကြောင့်လဲ ဆိုတာကို တိကျတဲ့ ဓာတ်ခွဲစမ်းသပ်ပြီး လေ့လာတာမျိုးတွေတော့ မရှိသေးပါဘူး။