သတင်းသမားတွေကို လွတ်လပ်ခွင့် ပေးဖို့ ကုလသမဂ္ဂ တိုက်တွန်း

ဓာတ်ပုံ မူပိုင် AFP
Image caption ရွေးကောက်ပွဲ မတိုင်ခင် ကာလ သတင်း မီဒီယာတွေရဲ့ ကဏ္ဍ အရေးပါပုံကို ဒေါ်အောင်ဆန်းစုကြည်ပြော

ရွေးကောက်ပွဲ ကာလအတွင်း သတင်းသမားတွေအပေါ် ခြိမ်းခြောက်မှု မလုပ်ပဲ လွတ်လွတ်လပ်လပ် သတင်းယူခွင့် ပေးဖို့ မြန်မာ အစိုးရကို ကုလသမဂ္ဂက ဒီကနေ့ မေလ ၃ရက်နေ့မှာ ကျရောက်တဲ့ ကမ္ဘာ့ သတင်း လွတ်လပ်ခွင့်နေ့မှာ တိုက်တွန်းလိုက်ပါတယ်။

ရန်ကုန်မြို့မှာ ကျင်းပတဲ့ ကမ္ဘာ့သတင်း လွတ်လပ်ခွင့်နေ့ အထိမ်းအမှတ် အခမ်းအနားမှာ ပြည်သူ့ လွှတ်တော် တရားဥပဒေစိုးမိုးရေး နှင့် တည်ငြိမ် အေးချမ်းရေး ကော်မတီ ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်ကလည်း ရွေးကောက်ပွဲ မတိုင်ခင် သတင်းမီဒီယာတွေရဲ့ အခန်းကဏ္ဍ အရေးပါကြောင်းကို အလေးအနက် ပြောသွားခဲ့ပါတယ်။

ဒါ့အပြင် သတင်းမီဒီယာ သမားတွေ ရဲ့ ကျင့်ဝတ်ပိုင်း ဆိုင်ရာ လိုအပ်ချက်တွေ၊ တာဝန်တွေနဲ့ ပတ်သက်လို့လည်း ဒေါ်အောင်ဆန်းစုကြည်က ထောက်ပြ ပြောဆိုခဲ့ပါတယ်။

အခမ်းအနား အဖွင့် မိန့်ခွန်းမှာတော့ ပြန်ကြားရေး ဝန်ကြီး ဦးရဲထွဋ်က စာနယ်ဇင်း ကျင့်ဝတ်နဲ့ ညီတဲ့ သတင်းမီဒီယာတွေ ပေါ်ထွန်းလာဖို့ လိုတယ်ဆိုပြီး ပြောသွားခဲ့ပါတယ်။

စာနယ်ဇင်း လွတ်လပ်ခွင့်နဲ့ ပတ်သက်ပြီး နိုင်ငံတကာအဖွဲ့အစည်းတွေ ထုတ်ပြန်တဲ့ အစီရင်ခံစာထဲမှာ မြန်မာနိုင်ငံဟာ သတင်း လွတ်လပ်ခွင့် အနည်းဆုံးနိုင်ငံ စာရင်းမှာ ပါဝင်နေပြီး သတင်းသမားတွေကို ဖမ်းဆီး ထောင် ချမှုတွေလည်း ရှိနေဆဲ ဖြစ်တယ်လို့ ဖေါ်ပြထားပါတယ်။

အကျဉ်းကျခံနေရတဲ့ စာနယ်ဇင်းသမားတွေကို ကမ္ဘာ့သတင်း လွတ်လပ်ခွင့်နေ့ အထိမ်းအမှတ်အဖြစ် ပြန်လွှတ်ပေးဖို့ Amnesty International လူ့အခွင့်အရေး အဖွဲ့နဲ့ Pen Myanmar အဖွဲ့တို့က တောင်းဆို လိုက်ပါတယ်။