ရိုဟင်ဂျာလို့ ယူဆရတဲ့ အလောင်း၂ လောင်း ထပ်တွေ့

Thai Graves ဓာတ်ပုံ မူပိုင် epa
Image caption စုပြုံ မြှုပ်နှံထားတဲ့ အလောင်းတွေကို ထိုင်း နိုင်ငံမှာ တွေ့ရှိခဲ့

ထိုင်းနိုင်ငံမှာ ရိုဟင်ဂျာလို့ ယူဆရသူ ၂ ယောက်ရဲ့ အလောင်းတွေကို ထပ်မံ တွေ့ရှိခဲ့ရပါတယ်။

လူ ၂၆ ယောက်ကို မြှုပ်နှံထားတဲ့ မြေကျင်းတွေကို တွေ့ရှိခဲ့ပြီး တပတ်အတွင်းမှာ အဲဒီ အလောင်းတွေကို တူးဖော်ခဲ့ရာ နေရာနဲ့ ကီလိုမီတာ ၇၀၀ ကျော် ဝေးတဲ့ တောအုပ် အတွင်းမှာ တွေ့ခဲ့တာလည်း ဖြစ်ပါတယ်။

ဖန်ငါး ပြည်နယ် ထဲက စွန့်ပစ်ထားတဲ့ နားနေ စခန်း တစ်ခုထဲမှာ လူသေလောင်း နှစ်လောင်းရဲ့ အရိုးစုတွေကို တွေ့ခဲ့ရကြောင်း ပြည်နယ် အုပ်ချုပ်ရေးမှူး ပ ရာရွန်း ရတ်တာနာ ဆီးနီးက အတည်ပြု ပြောပါတယ်။

မွန်းတည့်ချိန်မှာ အလောင်း တစ်လောင်း တွေ့ရပြီး မွန်းလွဲပိုင်းမှာ နောက်ထပ် အလောင်း တလောင်းကို ထပ်တွေ့ရပါတယ်လို့ ဆိုပါတယ်။

အဲဒီနေရာဟာ ရိုဟင်ဂျာတွေကို လူကုန်ကူးသူတွေ စခန်းချတဲ့နေရာဖြစ်တယ်ဆိုတာ အထောက်အထားနဲ့ သိရှိထားတဲ့အတွက် အခု သေဆုံးသူတွေဟာ ရိုဟင်ဂျာလို့ ယူဆ နိုင်ကြောင်းလည်း ဖန်ငါး ပြည်နယ် အုပ်ချုပ်ရေးမှူးက ပြောပါတယ်။

သေဆုံးသူ တစ်ယောက်ကို သစ်ပင်မှာ ကြိုးနဲ့တုတ်နှောင်ထားတာ တွေ့ရတယ်လို့ သူက ပြောပါတယ်။ အခုသေဆုံးမှုဟာ လူကုန်ကူးမှုနဲ့ ဆက်စပ်တယ်လို့လည်း ထိုင်းအာဏာပိုင်တွေက ယူဆကြ ပါတယ်။ လူကုန်ကူးသူ တွေဟာ ရိုဟင်ဂျာတွေကို ပင်လယ်ပြင်ကို လှေငယ်တွေနဲ့ ဖြတ်ကူး သယ်ဆောင်ပြီး ထိုင်းနိုင်ငံကနေ တဆင့် မလေးရှား နိုင်ငံတွင်းကို ပို့ဆောင်ရာမှာ လူသေဆုံး မှုတွေ မကြာခဏ ဖြစ်လေ့ရှိပါတယ်။

ထိုင်းနိုင်ငံမှာ ဖန်ငါး ပြည်နယ်ဟာ ဒုက္ခသည်တွေ ဖြတ်သွား ဖြတ်လာ လမ်းကြောင်း တစ်ခုလို ဖြစ်နေပါတယ်။

ဒီတော့ လူတွေ ဒီနေရာကနေ တရားမဝင် ဖြတ်သန်း သွားလာမှု တွေကို ဒေသဆိုင်ရာ အာဏာပိုင်တွေက သွားရောက် တားဆီး ဖမ်းဆီးတာတွေ ရှိနေပေမဲ့ လူမှောင်ခိုတွေ ကိုတော့ ထိထိရောက်ရောက် ဖမ်းဆီး အရေးယူနိုင်တာ မရှိဘူးလို့ ဖန်ငါး ပြည်နယ်က ပညာရေးနဲ့ ဖွံ့ဖြိုး တိုးတက်ရေး ဖောင်ဒေးရှင်း၊ အလုပ်သမား ဖွံ့ဖြိုးရေး တာဝန်ခံ ဦးမိုးဝေက ပြောပါတယ်။

ပြီးခဲ့တဲ့ ၂၀၁၄ နှစ်လယ်ပိုင်းနဲ့ အခု ၂၀၁၅ နှစ်ဆန်းပိုင်းမှာ ဖမ်းဆီးမိသူ ပေါင်း ၇၀၀ လောက်ရှိရာမှာ မြန်မာ နိုင်ငံက လာတဲ့ ရိုဟင်ဂျာက ၁၀ ရာခိုင်နှုန်းလောက်ရှိပြီး ကျန်တာက ဘင်္ဂလားဒေ့ရှ်က ဖြစ်တယ်လို့ သူက ပြောပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ