မဘသအဖွဲ့ ဥက္ကဌ ဆရာတော်နဲ့ အမေရိကန် ဘာသာရေး လွတ်လပ်ခွင့်သံတွေ့ဆုံ

  • 7 မေ 2015
မျိုးစောင့် ဥပဒေမူကြမ်း

မြန်မာနိုင်ငံကို ရောက်ရှိလာတဲ့ အမေရိကန် ပြည်ထောင်စုရဲ့ နိုင်ငံတကာ ဘာသာရေး လွတ်လပ်ခွင့် အထူးသံတမန် David Sapersteinဟာ မြန်မာနိုင်ငံကို ရောက်ရှိစဉ်အတွင်း အမျိုး ဘာသာ သာသနာ စောင့်ရှောက်ရေးအဖွဲ့ ဥက္ကဌ အင်းစိန်ရွာမ ပရိယတ္တိ ဆရာတော် ဉီးတိလောကနဲ့ သွားရောက် တွေ့ဆုံပြီး မြန်မာနိုင်ငံရဲ့ ဘာသာရေး လွတ်လပ်ခွင့်ကိစ္စကို ဆွေးနွေး ခဲ့ပါတယ်။

မြန်မာနိုင်ငံမှာ သမိုင်းကြောင်း တလျှောက် အိမ်ရှင် ဝတ္တရားမပျက် ဧည့်သည်တွေကို ကျောသားရင်သား မခွဲခြားပဲ ဆက်ဆံခဲ့ကြောင်း ရခိုင်အပါအဝင် ဖြစ်ပျက်ခဲ့တဲ့ ပဋိပက္ခတွေမှာ ဗုဒ္ဓဘာသာ ကြောင့်ဖြစ်တာမဟုတ်ဘူးလို့ အထောက်အထားတွေနဲ့ သံတမန်ကို ရှင်းပြခဲ့ကြောင်း ဆရာတော်က ဘီဘီစီကိုမိန့်ပါတယ်။

မျိုးစောင့်ဥပဒေလို့ခေါ်တဲ့ ဥပဒေကြမ်းတွေနဲ့ ပတ်သက်လို့ လူ့အခွင့်ရေးကို ထိခိုက်စေတယ် တဲ့ပြောဆိုမှုတွေအပေါ် ဆရာတော်က မြန်မာပြည်ရှိ အခြားဘာသာတွေဟာ သူတို့ဘာသာဝင်တွေနဲ့ လက်ထပ်မယ်ဆိုရင်တိကျတဲ့ ဥပဒေတွေရှိပြီး ဗုဒ္ဓဘာသာ ဘက်မှာမရှိလို့ တန်းတူအခွင့်အရေး အနေနဲ့တောင်းဆို နေကြတာဖြစ်ပြီး သူတို့ဥပဒေတွေလောက် မပြင်းထန်ဘူးလို့ ရှင်းပြခဲ့ကြောင်းပြောပါတယ်။

ဒီဥပဒေတွေကို ရွေးကောက်ပွဲ မဲဆွယ်ရာမှာ နိုင်ငံရေး အရ အသုံးပြုမှာကို စိုးရိမ်ကြောင်း သံတမန်ဘက်က ဆွေးနွေးခဲ့ပါတယ်။ မြန်မာနိုင်ငံမှာ အမျိုးသားရေး လှုပ်ရှားမှုကို လှုံ့ဆော်တဲ့ မဘသလို ဘာသာရေးအဖွဲ့တွေအပေါ် လူ့အခွင့်အရေး သမားတွေက စိုးရိမ်မှုနဲ့ စောင့်ကြည့်နေကြပါတယ်။

မကြာမီက အမေရိကန်ရဲ့ နိုင်ငံတကာ ဘာသာရေး လွတ်လပ်ခွင့် ကော်မရှင်ရဲ့ထုတ်ပြန်ချက်ထဲမှာ မြန်မာ တရုတ် မြောက်ကိုရီးယား စတဲ့နိုင်ငံတွေကို ဘာသာရေး လွတ်လပ်ခွင့် အထူးစိုးရိမ်ရတဲ့ နိုင်ငံတွေထဲမှာ ထည့်သွင်းဖို့ ကော်မရှင်က အကြံပြုခဲ့ပါတယ်။