တိုင်း​ရင်း​သား​လက်နက်ကိုင် အဖွဲ့​တွေ သဘော​တ​ညီ​တည်း ရှိ

_uwsa_pangseng-wa ဓာတ်ပုံ မူပိုင် AFP
Image caption ပန်ဆန်း ညီလာခံ အပြီး NCCT ထိပ်သီး ခေါင်းဆောင်တွေလည်း တွေ့ဆုံ ကြဦးမယ်။

ဝပြည် သွေးစည်းညီညွတ်ရေး အဖွဲ့ UWSA က အိမ်ရှင် လုပ်ပြီး ကျင်းပခဲ့တဲ့ ပန်ဆန်း ညီလာခံ အပြီး မှာ တိုင်းရင်းသား လက်နက်ကိုင် တပ်တွေ အနေနဲ့ ပြည်တွင်း ငြိမ်းချမ်းရေး အတွက် တစ်သံတည်း ထွက်ဖို့ ပိုပြီး ညီညွတ် မှု ရလာ ခဲ့တယ် ဆိုပြီး NCCT အဖွဲ့ က ပြောပါတယ်။

အစိုးရ နဲ့ လက်ရှိ တိုက်ပွဲ ဖြစ်နေ ကြတဲ့ NCCT အဖွဲ့ဝင် ကိုးကန့်၊ တအာင်း ပလောင် နဲ့ ရခိုင် AA တပ် တွေ ရော၊ NCCT အဖွဲ့ဝင် မဟုတ် ကြတဲ့ ဝ၊ မိုင်းလား နဲ့ RCSS ရှမ်း ပြည်တောင်ပိုင်း တပ် တွေ အားလုံးပါ၊ ကျန် NCCT အဖွဲ့ဝင် တွေ နဲ့ အစိုးရ အကြား တနိုင်ငံလုံး အပစ်ရပ် သဘောတူမှု NCA ကို အဆုံးသတ် လက်မှတ် ရေးထိုးတဲ့ အခါ ပါဝင် နိုင်ရ မယ် ဆိုတဲ့ မူ ချမှတ် ထားတယ် လို့ NCCT အဖွဲ့ရဲ့ ခေါင်းဆောင် နိုင်ဟံသာ က ဘီဘီစီ ကို ပြောပါတယ်။

အစိုးရ ဘက်က ကိုးကန့်၊ တအောင်း ပလောင် နဲ့ ရခိုင် AA တပ် တွေ ကို မထည့် ဘူး ဆိုရင် တနိုင်ငံ လုံး အပစ်အခတ် ရပ်ဆဲရေး ဖြစ်ပေါ် လာမှာ မဟုတ် ဘူး လို့လည်း နိုင်ဟံသာ က ဆိုပါတယ်။

NCCT ထိပ်သီး ခေါင်းဆောင် တွေ အစည်းအဝေး ကို ခေါ် ယူသွားဖို့ ရှိပြီး လက်ရှိ တိုက်ပွဲ ဖြစ်နေ ကြတဲ့ တိုင်းရင်းသား တပ် တွေ ကိုပါ ဖိတ်ခေါ် မှာ ဖြစ်တယ် လို့ လည်း မွန်ပြည်သစ် ပါတီ ရဲ့ ခေါင်းဆောင် တစ်ဦး လည်း ဖြစ်တဲ့ နိုင်ဟံသာ က ပြောပါတယ်။

တိုင်းရင်းသား လက်နက် ကိုင် ၁၆ ဖွဲ့ ရဲ့ ကိုယ်စား လှယ် အနေနဲ့ NCCT ကို ဖွဲ့စည်း ထားပြီး အစိုးရ ကိုယ်စားလှယ် တွေ နဲ့ အကြား NCA အတွက် တစ်ခုတည်းသော မူကြမ်း တစ်စောင် ကို ရယူ ထားပါတယ်။

အဲဒီ့ မူကြမ်း ကို အဆုံးသတ် လက်မှတ် ထိုးနိုင် ဖို့ရာ အခု ကျင်းပ ဖို့ ရှိတဲ့ NCCT ထိပ်သီး ခေါင်းဆောင် တွေ အစည်းအဝေး မှာ ပြန်လည် စမ်းစစ် သုံးသပ် ကြမှာ ဖြစ်ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ