ရိုဟင်ဂျာ လူကုန်ကူးသူ တွေကို ထိုင်းက ဖမ်းဝရမ်းထုတ်

Thailand mass graves ဓာတ်ပုံ မူပိုင် epa
Image caption မြေမြှုပ်ထားတဲ့ အလောင်းတွေ တွေ့ခဲ့ရပြီးနောက် ထိုင်းရဲနဲ့ လဝက အရာရှိတွေကို အရေးယူ

ထိုင်းနိုင်ငံမှာ အစိုးရဝန်ထမ်းတွေ အပါအဝင် ရိုဟင်ဂျာ လူကုန်ကူးမှုနဲ့ ပတ်သက်တဲ့သူ ၁၀ ဦးကို ဖမ်းဝရမ်းထုတ်လိုက်ပါ တယ်။

ဖမ်းဝရမ်းထုတ် ခံရတဲ့အထဲမှာ ရဲတပ်ဖွဲ့ဝင် ၂ ဦး၊ အရပ်ဖက် ဝန်ထမ်း ၃ ဦး၊ အုပ်ချုပ်ရေး ဝန်ထမ်း ၂ ဦးနဲ့ အရပ်သား ၃ ဦး ပါဝင်တယ်လို့ ထိုင်းတောင်ပိုင်း အမှတ် ၉ တိုင်း ရဲတပ်ဖွဲ့က ထုတ်ဖေါ်ပြောပါတယ်။

နာမည် စာရင်းကိုတော့ ထုတ်ဖေါ်ပြောခြင်း မရှိပါဘူး။

အခုဆိုရင် ဖမ်းဝရမ်းထုတ်ထားသူ အားလုံး ၁၈ ဦးရှိသွားပြီ ဖြစ်ပါတယ်။

ရာထူး ကြီးမားတဲ့ အရာရှိကြီး တစ်ယောက်ကို ဖမ်းဆီးဖို့ရှိတယ်လို့ ရိုဟင်ဂျာ အမှုတွေကို တိုက်ရိုက် ကိုင်တွယ်နေတဲ့ ဒုတိယ ရဲချုပ် ရဲဗိုလ်ချုပ်ကြီး အေခ် အန်စနားနွန်းက သတင်းထောက် တွေကို ပြောပါတယ်။

မြေမြှုပ် ထားတဲ့ ရိုဟင်ဂျာ အလောင်း ၃၂ လောင်းတွေ့ ခဲ့တဲ့ စုံခလာ ခရိုင်၊ စဒေါင်းမြို့နယ်၊ ပါဒန်ဘေးစား မြို့နယ်က ရဲတပ်ဖွဲ့ဝင်တွေနဲ့ လူဝင်မှု ကြီးကြပ်ရေး အဖွဲ့က တာဝန်ရှိသူ ၃၈ ဦးကို နေရာ ပြောင်းရွှေ့ ထားလိုက်ပါတယ်။

ထိုင်းနိုင်ငံ တလွှားမှာ ရိုဟင်ဂျာ တွေကို စခန်းချ လှောင်ထားတဲ့ နေရာတွေ ရှိမရှိ အသေအချာ စီစစ်ပြီး ၁၀ ရက် အတွင်း အစီရင်ခံစာ တင်သွင်းဖို့ ဝန်ကြီးချုပ် ပရာ့ယွတ် ကျန်းအိုချားက ရဲတပ်ဖွဲ့ကို ဗုဒ္ဓဟူးနေ့က ညွှန်ကြားခဲ့ ပါတယ်။

ဧပြီလ ၇ ရက်၊ ကြာသပတေးနေ့မှာပဲ ထိုင်းတောင်ပိုင်း ဟတ်ယိုင် ခရိုင်မှာ ရှိနေတဲ့ ရိုဟင်ဂျာ ၂၉ ဦး ကိုလည်းရဲ ကဖမ်းဆီး လိုက်ပါတယ်။

ရိုဟင်ဂျာ လူကုန်ကူးမှုနဲ့ ပတ်သက်ပြီး ထိုင်းလုံခြုံရေး ကောင်စီ အတွင်းရေးမှူး မစ္စတာ အနုစစ် ခုနားကောန်းက စခန်းချလှောင်ပိတ်ပြီး လူကုန်ကူးတဲ့စခန်းတွေ မြှုပ်နှံ ထားတဲ့နေရာတွေရှိ မရှိ စစ်ဆေးခိုင်းထားတယ်လို့ သတင်းထောက်တွေကို ပြောပါတယ်။

ရိုဟင်ဂျာတွေဟာ လွန်ခဲ့တဲ့ ၁၀ စုနှစ်နဲ့ချီပြီး ထိုင်းနိုင်ငံအတွင်းမှာ ဝင်ရောက် အခြေချ နေထိုင်နေကြတာ လူမှုရေးအသင်းအဖွဲ့တွေတောင်ဖွဲ့စည်းထား တဲ့အဆင့်ထိ ဖြစ်နေတယ်လို့ သူက ပြောပါတယ်။

အခုနောက်ပိုင်း ဝင်ရောက်လာသူတွေဟာ မလေးရှားမှာ အလုပ်သွား လုပ်ဖို့ ထိုင်းနိုင်ငံကို ဖြတ်သန်း သွားတာဖြစ်တယ်၊ ပင်လယ်ပြင်ကိုဖြတ်ပြီး ငတ်ငတ်ဖြတ်ဖြတ်နဲ့ရောက်လာကြတဲ့ ရိုဟင်ဂျာတွေကို ဒေသခံတွေက သနားညှာတာပြီး ကူညီလာရာကနေ ပိုမိုဝင်ရောက်လာပြီးအခုလို လူကုန်ကူးတဲ့ အထိ ဖြစ်လာတာလို့ ထိုင်း ဒုတိယရဲချုပ် ရဲဗိုလ်ချုပ်ကြီး အေခ် အန်စနားနွန်းက သတင်းထောက်တွေကို ပြောပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ