သမ္မတဦးသိန်းစိန် နဲ့ ဝသပ ခေါင်းဆောင်တွေ တွေ့ဆုံ

UWSA ဓာတ်ပုံ မူပိုင် AFP
Image caption တိုင်းရင်းသား လက်နက်ကိုင် ၁၂ ဖွဲ့ ဝဒေသ မှာ တွေ့ဆုံခဲ့

ဝဒေသမှာ တိုင်းရင်းသားလက်နက်ကိုင်တွေ ရဲ့ ညီလာခံအပြီး ရက်ပိုင်းအကြာမှာပဲ သမ္မတ ဦးသိန်းစိန် က ဝသပ ခေါင်းဆောင်တွေ အပါအဝင်ရှမ်းပြည်နယ် က တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ခေါင်းဆောင် တချို့နဲ့ တွေ့ဆုံခဲ့ပါတယ်။

သောကြာနေ့ က ကျိုင်းတုံမှာ သမ္မတ ဦးသိန်းစိန် က သီးခြားစီ တွေ့ဆုံခဲ့တဲ့အဖွဲ့တွေ ကတော့ မှာ အထူးဒေသ ၂ က ဝပြည်သွေးစည်းညီညွတ်ရေး ပါတီ (ဝသပ) အဖွဲ့ ၊ အထူးဒေသ ၄ မိုင်းလားအဖွဲ့၊ ရှမ်းပြည်ပြန်လည် ထူထောင်ရေး ကော်မီတီ ရှမ်းပြည်တပ်မတော် (RCSS/SSA) က ခေါင်းဆောင်တွေ နဲ့ သီးခြားစီ တွေ့ဆုံခဲ့ပါတယ်။

ဝသပ အဖွဲ့ရဲ့ ပြောခွင့်ရပုဂ္ဂိုလ် ဦးအောင်မြင့် ရဲ့ ပြောကြားချက်အရ အခုအစည်းအဝေး မှာ ဝသပ ဒုတိယ စစ်သေနာပတိချုပ် ကျောက်တုံးထန်း နဲ့ ဒုတိယ အထွေထွေ အတွင်းရေးမှူးချုပ် ဦးပေါက်ယိုရီ တို့ ဦးဆောင်တဲ့ အဖွဲ့နဲ့ သမ္မတဦးသိန်းစိန် တို့ တွေ့ဆုံခဲ့ကြတယ်လို့ သိရပါတယ်။

အခု အစည်းအဝေး ဟာ ဟိုးအရင် ကာလ ကတည်းက ကြိုတင်စီစဉ် ခဲ့တာမျိုးမဟုတ်ပဲ ၀ဒေသမှာ လက်နက်ကိုင်တိုင်းရင်းသားတွေ ညီလာခံ လုပ်နေစဉ် အချိန်အတွင်း အစိုးရ ဘက်က ဆက်သွယ် ဖိတ်ကြားလို့ ဖြစ်လာတဲ့ အစည်းအဝေးဖြစ်တယ် လို့လည်း သူက ပြောပါတယ်။

ဝဒေသမှာ ကျင်းပပြီးစီးခဲ့တဲ့ တိုင်းရင်းသားတွေ ရဲ့ညီလာခံ လိုလားချက်တွေထဲမှာ အစိုးရ နဲ့ လောလောဆယ် တိုက်ပွဲတွေ ဖြစ်နေတဲ့အဖွဲ့တွေ ကိုလည်း ငြိမ်းချမ်းရေး ဆွေးနွေးပွဲတွေ မှာ ပါဝင်သင့်တယ် လို့ ဖော်ပြခဲ့သလို ဝပြည်နယ် တည်ထောင်နိုင်ရေး လည်း ပါဝင်ခဲ့ပါတယ်။

အစိုးရ ဦးဆောင်လုပ်နေတဲ့ ငြိမ်းချမ်းရေး လုပ်ဆောင်နေမှုတွေမှာ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တွေ အားလုံး ပါဝင်နိုင်ရေး အတွက် အပစ်အခတ် ရပ်စဲရေး ကို အရင်စတင်လုပ်ရမှာ ဖြစ်ပြီး တခြားနိုင်ငံတွေ ရဲ့ ငြိမ်းချမ်းရေး ဖြစ်စဉ်မှာ အားကြီးတဲ့ အစိုးရဖက်က စတင် ကာ အပစ်အခတ် ရပ်စဲရေး ကမ်းလှမ်းလေ့ရှိကြောင်း ငြိမ်းချမ်းရေးနဲ့ လူမှုတရားမျှတရေး အဖွဲ့ ဒါရိုက်တာ ဒေါက်တာသောင်းထွန်း က ပြောပါတယ်။

မြန်မာနိုင်ငံငြိမ်းချမ်းရေး ဖြစ်စဉ်မှာ အစိုးရ အနေနဲ့ အပစ်ရပ်တဲ့ အချို့ အဖွဲ့တွေ နဲ့ အပစ်ရပ်ပြီး ဆွေးနွေးမှုတွေ က ရှိနေသလို တချို့ အဖွဲ့တွေ နဲ့ အပစ်မရပ် ပဲ တိုက်ပွဲတွေ ပြင်းထန်နေတဲ့ နေရာတွေ လည်းရှိနေတဲ့အတွက် အဲဒီ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်တွေ အပေါ် ဝေဘန်မှုတွေ လည်း ပေါ်ထွက်နေပါတယ်။