တောင်ကြီးမှာ လုံခြုံရေးယူတဲ့ အဖွဲ့ကြောင့် မြို့ခံတွေ စိုးရိမ်နေ

taunggyi_
Image caption လုံခြုံရေး ပုံစံသစ်တွေရှိနေတဲ့ တောင်ကြီးမြို့က မီးပုံပျံပွဲ

ရှမ်းပြည်နယ်က တောင်ကြီးမြို့မှာ အစိုးရ မဟုတ်တဲ့ အဖွဲ့အစည်း တခုကနေ တရား ဥပဒေ စိုးမိုးရေးနဲ့ ငြိမ်းချမ်းရေး အဖွဲ့ဆိုပြီး ပြောက်ကျား စစ်ဝတ်စုံ တွေနဲ့ ပွဲလမ်း သဘင်တွေမှာ လုံခြုံရေးယူနေလို့ မြို့ခံ လူထုက စိုးရိမ် နေကြပါတယ်။

ဒီလူတွေကို ပွဲလမ်း သဘင်တွေမှာ အတွေ့များ လာရလို့ ဒေသခံတွေ ထိတ်လန့်နေတဲ့ အကြောင်း တောင်ကြီးဒေသခံ ကျူရှင်ဆရာ တဦးက ပြောပြပါတယ်။ ဒီလူတွေက လူစည်ကားတဲ့ ပွဲတွေမှာ မူးယစ် ရမ်းကားသူတွေကို ဖမ်းဆီးတာမျိုးရှိပြီး ဆန္ဒပြပွဲတွေကိုတော့ အဝေးကပဲ လုံခြုံရေး ယူတာမျိုး ရှိတယ်လို့ ဆိုပါတယ်။

အဲဒီ အဖွဲ့ဝင်တွေမှာ Law and Order လို့ အင်္ဂလိပ်လို ရေးထားပြီး တရား ဥပဒေ စိုးမိုးရေးနဲ့ ငြိမ်းချမ်းရေး အဖွဲ့ဆိုတဲ့ ကဒ်ပြားတွေကို ကိုင်ဆောင်သူရဲ့ ဓါတ်ပုံနဲ့တကွ ရင်ဘတ်မှာ ချိတ်ထားတယ်လို့ လည်း သူကပြောပါတယ်။

ဒီအဖွဲ့တွေက ရွေးကောက်ပွဲမှာ မဲဆန္ဒ ပေးသူတွေကို အနှောင့်အယှက်ပေးမှာ စိုးရိမ်မိကြောင်း တောင်ကြီးခရိုင် အန်အယ်လ်ဒီ ဥက္ကဌ ကလည်း ပြောပြပါတယ်။

ဒီတူညီဝတ် စုံတွေ ဝတ်ထားသူတွေရဲ့ ကဒ်ပြားတွေမှာ မြို့နယ် ရဲတပ်ဖွဲ့မှူးက လက်မှတ် ထိုးပေးထားတယ် ဆိုလို့ မြို့နယ်ရဲတပ်ဖွဲ့မှူးရုံးကို ဘီဘီစီက ဆက်သွယ်ကြည့်တော့ တာဝန်ကျ ဝန်ထမ်းတဦးက သူတို့ ထုတ်ပေးထားတာ မရှိကြောင်း ဖြေပါတယ်။

မြို့နယ်ရဲတပ်ဖွဲ့မှူးရုံးရဲ့ အဖြေဟာ လုံလောက်မှု မရှိတဲ့အတွက် ခရိုင်ရဲတပ်ဖွဲ့မှူး ဒုရဲမှူးကြီး မြင့်ထူးကို ဘီဘီစီက ဆက်သွယ်မေးမြန်းခဲ့ပေမယ့် ဖြေဆို မပေးခဲ့ပါဘူး။

မြို့ခံတွေ ထိတ်လန့်ရတဲ့ အကြောင်းအရင်းကို အခြေခံပြီး တောင်ကြီးမှာရှိတဲ့ ရဟန်းပျိုများ သမဂ္ဂ၊ နိုင်ငံရေး အကျဉ်းသားဟောင်းတွေနဲ့ နိုင်ငံရေးအဖွဲ့အစည်း တွေက စစ်တပ်၊ ရဲတပ်ဖွဲ့အပါအဝင် အထူးသတင်းတပ်ဖွဲ့၊ စစ်ဘက် ဆိုင်ရာ လုံခြုံရေးအဖွဲ့တွေ တောင်ကြီးမှာ ရှိလျက်နဲ့ ဒီလို ယူနီဖေါင်းဝတ်တွေ မထားသင့်ဘူးဆိုပြီး ပြည်နယ်အဆင့် အုပ်ချုပ်ရေးအဖွဲ့ထိ မြို့ခံတွေရဲ့ လက်မှတ်တွေစုပီး တိုင်ကြားထား ကြတယ်လို့ မြို့ခံတွေက ပြောပါတယ်။