ကိုးကန့်ဘက်က အပစ်ရပ်ပြီး စညှိနှိုင်းဖို့ လိုတယ်လို့ ဦးအောင်မင်းပြော

Image caption တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ အားလုံး မပါရင်တောင် ရှိတဲ့ အဖွဲ့နဲ့ပဲ အပစ်ရပ်ရေး လက်မှတ်ထိုးမယ်လို့ ဝန်ကြီးဦးအောင်မင်း ပြော

တနိုင်ငံလုံး အပစ်ရပ်ရေး စာချုပ် ချုပ်ဆိုနိုင်ရေးနဲ့ ငြိမ်းချမ်းရေးနှင့် အမျိုးသား ပြန်လည် သင့်မြတ်ရေးဆိုင်ရာ ဆွေးနွေးပွဲကို ရန်ကုန်မြို့ အင်းယားလိတ် ဟိုတယ်ခန်းမမှာ မေလ ၉ရက်နေ့က ကျင်းပခဲ့ပါတယ်။

ရွေးကောက်ပွဲ မတိုင်မီ နိုင်ငံရေး ဆွေးနွေးပွဲတွေ လုပ်နိုင်ဖို့ အတွက် NCCT တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့နဲ့ UPWC အစိုးရ ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းကော်မတီ အကြား တနိုင်ငံလုံး အပစ်ရပ်ရေး စာချုပ်ကို အမြန်ဆုံး လက်မှတ်ထိုးနိုင်အောင် ဆောင်ရွက်သွားမှာ ဖြစ်ကြောင်း ပြည်ထောင်စု ဝန်ကြီး ဦးအောင်မင်းက ပြောပါတယ်။

တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ အားလုံး မပါရင်တောင် ရှိတဲ့ အဖွဲ့တွေနဲ့ပဲ အပစ်ရပ် လက်မှတ်ထိုးမယ် ဖြစ်တယ်လို့လည်း ဦးအောင်မင်းက ပြောပါတယ်။

တနိုင်ငံလုံး အပစ်ရပ်ရေး လက်မှတ်ထိုးဖို့အတွက် အစိုးရဘက်က အသင့် ဖြစ်နေပြီ ဖြစ်ပြီး တိုင်းရင်းသား လက်နက်ကိုင်တွေဘက်က ညှိနှိုင်းဖို့ပဲ လိုတော့တယ်လို့ UPWC က ပြောပါတယ်။

လက်ရှိမှာ အစိုးရ စစ်တပ်နဲ့ တိုက်ပွဲတွေ ဖြစ်နေတဲ့ ကိုးကန့်အဖွဲ့နဲ့ လက်မှတ်ထိုးဖို့ကို ကိုးကန့်ဘက်ကနေ အပစ်ရပ်ပြီး သူတို့ဆီ စတင် ညှိနှိုင်းဖို့ လိုတယ်လို့ ဝန်ကြီး ဦးအောင်မင်းက ပြောပါတယ်။

အဲဒီ ဆွေးနွေးပွဲကို KNU၊ RCSS အပါအဝင် တိုင်းရင်းသား လက်နက်ကိုင် ၇ဖွဲ့၊ နိုင်ငံရေး ပါတီ ၆၄ ပါတီတို့ တက်ရောက်ခဲ့ကြပါတယ်။

ဆွေးနွေးပွဲ တက်ရောက်လာကြတဲ့ တိုင်းရင်းသား ခေါင်းဆောင်တွေကတော့ တနိုင်ငံလုံး အပစ်ရပ်ရေး စာချုပ် လက်မှတ် ရေးထိုးနိုင်ဖို့အတွက် အစိုးရနဲ့ တိုင်းရင်းသားတွေအကြား ယုံကြည်မှု တည်ဆောက်ဖို့ အများကြီးလိုနေသေးတယ်လို့ ပြောနေကြပါတယ်။