ရိုဟင်ဂျာလူကုန်ကူးမှု ထိုင်းအစိုးရ အပူတပြင်းအရေးယူ

Rohingyas ဓာတ်ပုံ မူပိုင် AP
Image caption အင်ဒိုနီးရှား နိုင်ငံ အာချေကို ရောက်လာတဲ့ ရိုဟင်ဂျာများ

ထိုင်းနိုင်ငံမှာ ရိုဟင်ဂျာ လူကုန်ကူးမှုနဲ့ပတ်သက်ပြီး ထိုင်းအစိုးရက အပူတပြင်း အရေးယူမှုတွေ လုပ်နေရာမှာ ဖမ်းဝရမ်းထုတ်ထားသူ အယောက် ၅၀ ရှိသွားပြီ ဖြစ်ပြီး ၁၅ ယောက်ကို ဖမ်းဆီး စစ်ဆေးနေပါတယ်။

မေလ ၁၁ ရက် တနင်္လာနေ့ကတော့ လူဝင်မှုကြီးကြပ်ရေး ရဲတပ်ဖွဲ့ဝင် ၁၀ ဦးကို ပြောင်းရွှေ့လိုက် ပါတယ်။

ရိုဟင်ဂျာ လူကုန်ကူးမှုနဲ့ပတ်သက်ပြီးဖမ်းဝရမ်း ထုတ်ခံရသူထဲမှာ စတွန်းခရိုင် လွှတ်တော်ဥက္ကဌဟောင်း ပတ်ကျုဘန်း အန်းချုပ်ခ်ဖန်း ခေါ် ကိုးတုန့် လည်း ပါဝင်ပါတယ်။

သူပိုင်ဆိုင်တဲ့ စတွန်းခရိုင်က ကျွန်းတစ်ကျွန်းကို ရေတပ်နဲ့ ရဲတပ်ဖွဲ့က သွားရောက်ရှာဖွေခဲ့ရာမှာ လူမြှုပ်ထားတဲ့ မြေပုံတွေ တွေ့ပေမဲ့ သူ့ရဲ့ ဆွေးမျိုးတွေကို မြှုပ်နှံ ထားတာလို့ ကျွန်ပေါ်မှာ စောင့်နေတဲ့ အလုပ်သမားကပြောပါတယ်။

ထိုင်းတောင်ပိုင်း စုံခရာခရိုင်၊ စဒေါင်းမြို့နယ်က လူဝင်မှုကြီးကြပ်ရေးရဲ ၁၀ ဦးကို လူကုန်ကူးမှုမှာ ပါဝင်ပတ်သက်တဲ့ သံသယနဲ့ ရဲချုပ်ရုံးက ခေါ်ယူ လိုက်တယ်လို့ ရဲချုပ် ရဲဗိုလ်ချုပ်ကြီး စုမ်ယွတ် ဖုမ့်ဖန်းမွမ့်က တနင်္လာနေ့ သတင်းစာရှင်းလင်းပွဲမှာ ထုတ်ဖေါ် ပြောကြားပါတယ်။

မလေးရှားနယ်စပ် ထိုင်းတောင်ပိုင်း စုံခလာခရိုင်၊ ပါဒန်းပေးစား တောင်ပေါ်မှာ အစာရေစာ ငတ်ပြတ် နေတဲ့ ရိုဟင်ဂျာ အယောက် ၂၀ ကျော်က ရွာထဲကို ဆင်းလာပြီး အကူအညီ တောင်းရာမှာ ရဲက သူတို့ကို ထိန်းသိမ်းထားလိုက်ပါတယ်။

ရိုဟင်ဂျာ မှောင်ခိုစျေးကွက် ကြီးထွား

ဓာတ်ပုံ မူပိုင် Reuters
Image caption ရိုဟင်ဂျာ လို့ ယူဆရတဲ့ အလောင်းတွေ တွေ့ခဲ့ ပြီးနောက် လူမှောင်ခို မှုတွေကို ထိုင်းနိုင်ငံ အရေးယူဆောင်ရွက်နေ

ရိုဟင်ဂျာ တွေကို လူကုန်မှု ဈေးကွက် အကြီးအကျယ်ဖြစ်နေတယ်လို့ ရိုဟင်ဂျာအရေး ဖြေရှင်းဖို့ ထိုင်းအစိုးရကို တစိုက်မတ်မတ်တိုက်တွန်းနေတဲ့ ထိုင်းရှေ့နေများ ကောင်စီက ရှေ့နေ စူရာဖုန်းကောင်းကျန်းထွတ်က ပြောပါတယ်။

သူက ရိုဟင်ဂျာ လူကုန်ကူးမှု ဖြစ်လာတာ ၁၀ နှစ်ကျော်ကြာ ရှိပြီ ဖြစ်ပြီး အတော်လေး ကြီးကျယ်တဲ့ လုပ်ငန်းဖြစ်တယ်၊ တစ်နှစ်ကို ရိုဟင်ဂျာ သောင်းနဲ့ ချီပြီး ထိုင်းနိုင်ငံထဲ ရောက်လာတဲ့ ထိုင်းဘတ် ငွေသန်း ထောင်နဲ့ ချီတဲ့ လုပ်ငန်း ဖြစ်တယ်လို့ ပြောပါတယ်။

ဒီလို ဝင်ငွေကောင်းတဲ့ အတွက် မြန်မာနဲ့ ဘင်္ဂလာဒေ့ရှ် နယ်စပ်အထိ ထိုင်းက စက်လှေကြီး တွေနဲ့ သွားခေါ်ကြတဲ့ အထိဖြစ်လာခဲ့တယ်၊ အခုဖမ်းဝရမ်း ထုတ်ထား သူတွေနဲ့ အစိုးရ တာဝန်ရှိသူတွေ အပြောင်းအရွေ့ လုပ်တာကို ကြည့်ရင် ဘယ်လောက် ဝင်ငွေကောင်းတဲ့ လုပ်ငန်းဆိုတာ မှန်းဆလို့ ရတယ်လို့ ရှေ့နေ စူရာဖုန်းကောင်းကျန်းထွတ်က ပြောပါတယ်။

ထိုင်းအစိုးရက ရိုဟင်ဂျာတွေဟာ လူကုန်ကူး ခံရသူတွေဖြစ်တယ်လို့ အသိအမှတ်ပြုပြီး ကူညီစောင့်ရှောက် ထားတဲ့အတွက် ရိုဟင်ဂျာလူကုန်ကူးမှုကို သက်ဆိုင်ရာ နိုင်ငံတွေနဲ့ နိုင်ငံတကာကပါ ပါဝင်ဖြေရှင်းခွင့် ရသွားမှာ ဖြစ်ပြီး အဲဒီ အခါမှသာ ရိုဟင်ဂျာ လူကုန်ကူးမှုကို ပပျောက်အောင် လုပ်နိုင်မယ်လို့ ရှေ့နေ စူရာ့ဖုန်း ကောင်းကျန်းထွတ်က သုံးသပ် ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ