ရိုဟင်ဂျာ ဒုက္ခသည်များ

  • 11 မေ 2015

မြန်မာနိုင်ငံ ရခိုင်ပြည်နယ်မှာ အများဆုံးနေထိုင်ကြပြီး လူဦးရေ ၂ သန်းခွဲလောက် ရှိမယ်လို့ ခန့်မှန်းတဲ့ ရိုဟင်ဂျာ အစ္စလာမ်ဘာသာဝင်တွေနဲ့ ဒေသခံ ရခိုင် ဗုဒ္ဓဘာသာဝင်တွေဟာ ဆယ်စုနှစ်နဲ့ချီ ပဋ္ဋိပက္ခတွေ ဖြစ်ပွားပြီးတဲ့နောက်ပိုင်းမှာ နိုင်ငံအတော်များများကို ဒုက္ခသည်တွေအဖြစ် ပျံ့နှံနေပါတယ်။

ရိုဟင်ဂျာ မွတ်စလင်တွေကို နိုင်ငံသားအဖြစ် အသိအမှတ်မပြုဘဲ မြန်မာနိုင်ငံ အိမ်နီးချင်း ဘင်္ဂလာဒေ့ခ်ျ နိုင်ငံက ရွှေ့ပြောင်းလာသူတွေအဖြစ် သတ်မှတ်ထားတာ ဖြစ်ပါတယ်။

Image caption အဗူအာမက်ဟာ အင်ဒိုနီးရှား အမျိုးသမီးတဦးနဲ့ လက်ထက်ကာ Medan မြို့မှာ နေထိုင်နေတာ ဖြစ်ပါတယ်။

ထောင်ပေါင်းများစွာ ရှိတဲ့ ဒီရိုဟင်ဂျာတွေဟာ အင်ဒိုနီးရှား မလေးရှားနဲ့ ထိုင်းနိုင်ငံ စတဲ့ တတိယနိုင်ငံတွေမှာ ဒုက္ခသည်အဖြစ် အသိအမှတ်ပြု ခံရဖို့ နေထိုင်နေကြတာ ဖြစ်ပါတယ်။

ဒီရိုဟင်ဂျာ တချို့ကို ဘီဘီစီ အင်ဒိုနီးရှားသတင်းထောက် Rohmatin Bonasir က တွေ့ဆုံမေးမြန်းခွင့် ရခဲ့ပါတယ်။

မြန်မာနိုင်ငံကနေ ၁၉၈၈ ခုနှစ်မှာ ထွက်ခွာလာခဲ့ပြီး အခု အင်ဒိုနီးရှားန်ိုင်ငံ Medan မြို့မှာ နေထိုင်နေတဲ့ ရိုဟင်ဂျာတဦးဖြစ်သူ အဗူအာမက် ကတော့ သူတွေ့ကြုံ ခံစားခဲ့ရသလို တခြားဘယ်သူမှ မခံစားစေချင်ဘူးလို့ ပြောပါတယ်။

သူဟာ အသက် ၅ နှစ်အရွယ်မှာ မိဘတွေနဲ့အတူ ထိုင်းနိုင်ငံကို ရောက်ရှိခဲ့တာ ဖြစ်ပြီး အဲဒီက မှ တဆင့် ဖခင်ဖြစ်သူက သူ့ကို မလေးရှားသို့ ပို့ဆောင်ကာ ဖခင်ဖြစ်သူဟာ မြန်မာနိုင်ငံမှာ ကျန်ခဲ့တဲ့ မိသားစုထံ ပြန်သွားခဲ့ပါတယ်။

အဗူအာမက်ဟာ မလေးရှားမှာ တခြားသူတွေရဲ့ အကူအညီနဲ့ နေထိုင်ကြီးပြင်းလာရပြီး ကျောင်းတခါမှ မနေခဲ့ရဘဲ ကလေးငယ်တွေနဲ့အတူ အေ ဘီ စီ ဒီ ကိုသာ သင်ယူနိုင်ခဲ့တယ်လို့ ဆိုပါတယ်။ စာအနည်းငယ် ဖတ်တတ်လာတဲ့အခါမှာတော့ ယူအန်အိပ်ခ်ျစီဟာ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံးမှာ သွားရောက်ပြီး ဒုက္ခသည်အဖြစ် မှတ်ပုံတင်ခဲ့ပါတယ်။

ဒီနောက် အချိန်ကြာမြင့်စွာ စောင့်ဆိုင်းနေပေမယ့် ဘာမှ အကောင်အထည် မပေါ်လာဘဲ လူပွဲစားကို ပိုက်ဆံပေးပါက ဩစတေးလျှကို သွားနိုင်တယ်လို့ ဆိုတဲ့အတွက် မလေးရှားက ထွက်ခွာခဲ့ရာမှာ အင်ဒိုနီးရှားမှာ အဖမ်းခံရပြီး ထောင် ၆ လကျကာ Medan မြို့ကို အပို့ခံရတာ ဖြစ်တယ်လို့ ဆိုပါတယ်။ အခုတော့ အဗူအာမက်ဟာ အင်ဒိုနီးရှား အမျိုးသမီးတဦးနဲ့ လက်ထက်ကာ Medan မြို့မှာ နေထိုင်နေတာ ဖြစ်ပါတယ်။

Rohmatin Bonasir နောက်ထပ် တွေ့ဆုံ မေးမြန်းခဲ့သူကတော့ အသက် ၂၃ နှစ်ရှိသူ Husna binti Hussain ဖြစ်ပါတယ်။ သူက မလေးရှားမှာ မွေးဖွားသူ ဖြစ်ပေမယ့် သူ့အဖေရော အမေပါ ရိုဟင်ဂျာတွေဖြစ်တာကြောင့် သူလည်း ရိုဟင်ဂျာ တယောက်ဖြစ်တယ်လို့ ဆိုပါတယ်။

ဒါပေမယ့် ရိုဟင်ဂျာတွေဟာ သူတို့နေထိုင်ရာ န်ိုင်ငံမှာ ပဋ္ဋိပက္ခတွေကြောင့် အဲဒီမှာ မနေနိုင်ဘဲ ဘာမှ လုပ်လို့မရဘူးလို့ ဆိုပါတယ်။ သူကတော့ မလေးရှားမှာ အိမ်နီးချင်းတဦးရဲ့ အကူအညီနဲ့ ကျောင်းတက်နိုင်ခဲ့ပြီး အထက်တန်းပညာ ပြီးဆုံးအောင် သင်ကြားနိုင်ခဲ့ပါတယ်။ အခုအခါမှာတော့ အစိုးရကျောင်းမတက်နိုင်တဲ့ ရိုဟင်ဂျာကလေးတွေကို မလေးရှားဘာသာစကား သင်ကြားပေးနေတာ ဖြစ်ပါတယ်။

နောက် ရိုဟင်ဂျာတဦးဖြစ်တဲ့ အသက် ၃၁ နှစ်ရှိသူ မြန်မာနိုင်ငံ ရခိုင်ပြည်နယ် စစ်တွေ တက္ကသိုလ်က ဓာတုဗေဒ ဘာသာနဲ့ ဘွဲ့ရထားတဲ့ Shahed Deen ကတော့ သူဟာ မြန်မာနိုင်ငံမှာ နိုင်ငံတကာ အန်ဂျီအို ၃ ခုမှာ အလုပ်လုပ်ကိုင်ခဲ့ဖူးကြောင်း၊ သူက အဖြစ်အပျက် သတင်းအချက်အလက်တွေကို ပို့ပေးတဲ့အတွက် ၂၀၁၂ ခုနှစ်မှာ သူ့ကို အာဏာပိုင်တွေက လိုက်လံဖမ်းဆီးတာကြောင့် ဘင်္ဂလာဒေ့ခ်ျ နိုင်ငံကို ထွက်ပြေးခဲ့တာ လို့ဆိုပါတယ်။

Image caption အဗူအာမက်ဟာ အင်ဒိုနီးရှား အမျိုးသမီးတဦးနဲ့ လက်ထက်ကာ Medan မြို့မှာ နေထိုင်နေတာ ဖြစ်ပါတယ်။

သူက မြန်မာနိုင်ငံက ရိုဟင်ဂျာ မွတ်စလင်ဖြစ်တဲ့အတွက် ဘင်္ဂလာဒေ့ခ်ျနိုင်ငံကူးလက်မှတ်ရဖို့ အရာရှိတွေကို အမေရိကန်ဒေါ်လာ ၅၀၀၀ လာဘ်ပေးပြီးမှ နိုင်ငံကူးလက်မှတ်ရတာကြောင့် အင်ဒိုနီးရှားကတဆင့် ဩစတေးလျှနိုင်ငံကို ထွက်ခွာသွားဖို့ အင်ဒိုနီးရှားန်ိုင်ငံကို ရောက်ခဲ့ပါတယ်။ အင်ဒိုနီးရှားနိုင်ငံ Kupang မှာအဖမ်းခံရကာ ယူအန်အိပ်ခ်ျစီအာမှာ ဒုက္ခသည်အဖြစ် မှတ်ပုံတင်လိုက်တာ ဖြစ်တယ်လို့ ဆိုပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ