ကျောင်းသားတွေက ပြန်တရားစွဲဖို့ စီစဉ်

student myanmar ဓာတ်ပုံ မူပိုင် epa
Image caption ရုန်းရင်း ဆန်ခတ် ဖြစ်မှုတွေနဲ့ စွဲဆိုခံရ

ဒီမိုကရေစီ ပညာရေး ပြုပြင်မှု လှုပ်ရှား ခဲ့ကြ ပြီး လက်ပံတန်း မှာ အကြမ်းဖက် ဖမ်းဆီး ခံရတဲ့ ကျောင်းသား တွေ က ရဲနဲ့ ပညာရေး ဌာန ကို ပြန် တရားစွဲ ဖို့ နည်းလမ်း တွေ ရှာနေ တယ် လို့ သိရ ပါတယ်။

သူတို့ ကို ဖြိုခွဲတာ တရား နည်းလမ်း မကျတဲ့ အပြင် အကြမ်းဖက် ဖြိုခွဲ စရာ မလိုဘဲ အကြမ်းဖက် ခဲ့တဲ့ အတွက် ပြုမူ ခဲ့တဲ့ ရဲတပ်ဖွဲ့ ကို တရားစွဲ ဖို့ ရိုက်နှက် ဖမ်းဆီး ခံရတဲ့ ကျောင်းသား တွေ ကော ကျောင်းသား တွေရဲ့ မိဘတွေ က ပါ ဆန္ဒ ရှိနေကြ တယ် လို့ သူတို့ အရေး လိုက်ပါ ဆောင်ရွက် ပေးနေတဲ့ ရှေ့နေ ဦးသိန်းသန်းဦး က ပြောပြပါတယ်။

ကျောင်းသား တွေ က အကြမ်းဖက် ဖြိုခွဲ တာတွေ မလုပ်ဖို့၊ သူတို့ အေးဆေးစွာ အဖမ်း ခံမယ့် အကြောင်း ကျောင်းသား ခေါင်းဆောင် တွေ က ရဲတွေ ကို သက်ဆိုင်ရာ အာဏာပိုင် တွေ ကို ပြောကြား ခဲ့ကြောင်း နဲ့ တဘက် က အကြမ်းဖက် တိုက်ခိုက် တာ တွေ လုပ်လာခဲ့ တယ် လို့ သူက ပြောသွား တာပါ။

လူစုခွဲ ပြီးတဲ့အခါမှာ လည်း လူတွေ ကို လိုက်ပြီး ရိုက်နှက် နေတာတွေ ကလည်း တရားဥပဒေ နဲ့ ဘယ်လိုမှ မညီတဲ့ အကြောင်း လည်း ဆိုပါတယ်။

ကျောင်းသား တွေ ရဲ့ ပစ္စည်းတွေ ဥပမာ လက်တော့ ကွန်ပျူတာတွေ၊ တက်ဘလက် တွေ၊ မိုဘိုင်းဖုန်းတွေ ကိုလည်း ရဲတွေ ကသိမ်းဆည်း ယူငင် သွားကြ တာတွေ လည်းရှိတယ် လို့ ရှေ့နေ ဦးသိန်းသန်းဦး ကပြောပါတယ်။

ကျောင်းသားတွေ နဲ့ ၄ ပွင့်ဆိုင် တွေ့ဆုံ ဆွေးနွေးစဉ် က ညှိနှိုင်း သဘောတူချက် တွေ ကို ပညာရေး ဝန်ကြီး ဌာန အနေနဲ့ ဖောက်ဖျက် ခဲ့တယ် ဆိုတဲ့ အပေါ် အခြေတည်ပြီး ကျောင်းသားတွေ က တရားစွဲချင် ကြတာလို့ ဦးသိန်းသန်းဦး က ပြောပြပါတယ်။

ဒီလို ကျောင်းသားတွေ ဘက်က လုပ်ဆောင်ချင် တာတွေ နဲ့ပတ်သက်ပြီး လက်ရှိ ရှိပြီးသား အထောက် အထား တွေ ရှိသလို ဥပဒေ ကြောင်း အရ ရဲတွေ ဘက်ကို လည်း မေးမြန်းသွားဖို့ အဆင့်ကို စပြီး လုပ်ဖို့ ပြင်ဆင်ထား ကြောင်း လည်း သူ ပြောပါတယ်။

အဲဒီလို တရားစွဲနိုင်ဖို့ လက်တွေ့မှာ တကယ် ဖြစ်လာဖို့ ဆိုတာ မြန်မာပြည် တရားစီရင် ရေး အခြေအနေ နဲ့ လွယ်ကူတဲ့ အလုပ် မဟုတ် ပေမယ့် မြန်မာ ပြည် မှာ တရားဥပဒေ စိုးမိုးရေး ဘယ်လောက်ရှိတယ် ဆိုတဲ့ ရေချိန် ကို မီးမောင်း ထိုး ပြနိုင်လိမ့်မယ် လို့ ရည်ရွယ် ထားကြောင်း ရှေ့နေ ဦးသိန်းသန်းဦး က ပြောပါတယ်။

မတ်လ ၁ဝ ရက်နေ့က ဒီမိုကရေစီ ပညာရေး သပိတ် စစ်ကြောင်း လက်ပံတန်း ကနေ ရန်ကုန် ကို လာဖို့ ပြင်ဆင် ချိန် မှာ ရဲတွေ နဲ့ ထိပ်တိုက် ရင်ဆိုင် ခဲ့ကြတဲ့ အဲဒီ ကျောင်းသား တွေ ကို ဥပဒေနဲ့ ဆန့်ကျင်တဲ့ အဖွဲ့ မှာ ပါဝင်မှု၊ လူစုခွဲဖို့ ငြင်းဆန်မှု၊ ရုန်းရင်း ဆန်ခတ် ဖြစ်မှု၊ တာဝန် ထမ်းဆောင် နေတဲ့ ဝန်ထမ်း ကို နာကျင်မှု၊ နိုင်ငံ ငြိမ်ဝပ် ပိပြားရေး ထိခိုက်စေမှု တွေ နဲ့ ရဲက စွဲချက် တင် ကာ တရားရုံး က အဲဒီ အမှုတွေ ကို စီရင် နေပါ တယ်။