ဒေါ်လာစျေး တက်တဲ့ကိစ္စ ဝန်ကြီးတွေနဲ့ ဘဏ်လုပ်ငန်းရှင်တွေ ဆွေးနွေး

US Dollar Note ဓာတ်ပုံ မူပိုင် Reuters
Image caption ဧပြီလလယ်က စတင်ပြီး ဒေါ်လာ စျေးတွေ တက်လာ

သမ္မတရုံးဝန်ကြီးတွေ ဖြစ်ကြတဲ့ ဝန်ကြီး ဦးစိုးသိန်း၊ ဦးတင်နိုင်သိန်း၊ စီးပွားကူးသန်း နဲ့ စီမံ စီးပွား ဝန်ကြီးတွေနဲ့ ဗဟိုဘဏ် ဥက္ကဌတို့ ပါဝင်တဲ့ မြန်မာ အစိုးရ အာဏာပိုင် တွေက မေလ ၁၃ ရက်နေ့က ဘဏ်လုပ်ငန်းရှင် တွေနဲ့ တွေ့ဆုံ ဆွေးနွေးခဲ့ကြ ပါတယ်။

လတ်တလော ဒေါ်လာစျေးတက်မှု အပါအဝင် ဘဏ်လုပ်ငန်းတိုးတက်ရေး ကိစ္စတွေကို ဆွေးနွေး ခဲ့ကြတယ်လို့ ဆွေးနွေးရာမှာ ကိုယ်တိုင်ပါဝင်တဲ့ မြန်မာ နိုင်ငံ ဘဏ်များ အသင်း ဥက္ကဌ လည်းဖြစ် ထွန်းဖောင်ဒေးရှင်း ဥက္ကဌ ဦးသိန်းထွန်းက ပြောပါတယ်။

၁ ဒေါ်လာ ကို ကျပ် တစ်ထောင်ကျော် ကနေ ၁၁၁၂ ကျပ် အထိ တက်လာခဲ့တာကြောင့် စျေးတက်ရတဲ့ အကြောင်းရင်းကို ဆွေးနွေး ရှာဖွေကြရာမှာ အစိုးရက ဝန်ထမ်းတွေကို လခတိုးပေးမယ့် ကိစ္စ၊ အိမ်ခြံမြေစျေးတွေ ကျဆင်းတဲ့ အတွက် ဒေါ်လာဘက်ကို လှည့် ကစားသလား ဆိုတဲ့ အပြင် တချို့ဘဏ်တွေက ဒေါ်လာ ကစားဖို့ ရှိကြသလား စတာတွေကို ထည့်သွင်း ဆွေးနွေး ခဲ့ကြတယ်လို့ သူက ပြောပါတယ်။

ဘဏ်တွေ အနေနဲ့ကတော့ သူတို့မှာ ရှိတဲ့ နိုင်ငံခြားငွေ အတိုင်းအတာနဲ့ ဆိုရင် အခု လက်ရှိ ငွေကြေး စျေးကွက်ကို ထိခိုက်လောက်တဲ့ ပမာဏ မရှိကြတဲ့ အတွက် ဘဏ်တွေက စျေးကစားတာတော့ မဖြစ်နိုင်ဘူးလို့ သုံးသပ်ခဲ့ကြကြောင်း ဦးသိန်းထွန်းက ပြောပါတယ်။

ဒါပေမဲ့ လောလောဆယ်မှာ ဒေါ်လာ ဝယ်လိုအား များနေတယ်လို့ သူက ပြောပါတယ်။

မြန်မာ နိုင်ငံကို နိုင်ငံတကာ ရင်းနှီးမြှုပ်နှံဖို့ စိတ်ဝင်စားမှုတွေ ရှိပေမဲ့ စောင့်ကြည့် တဲ့ အဆင့်မှာပဲ ရှိနေသေးတဲ့ အပြင် ရွေးကောက်ပွဲ နီးလာချိန်မှာ နိုင်ငံရေး အခြေအနေကို စောင့်ကြည့်နေကြတဲ့ အနေအထားတွေ ကြောင့် နိုင်ငံခြားငွေ စီးဝင်မှု နည်းနေသေးတာလို့ ဦးသိန်းထွန်းက ပြောပါတယ်။

လက်ရှိ အနေအထားမှာ ဒေါ်လာစျေး တက်တဲ့ အတွက် စီးပွားရေး ယိမ်းယိုင်သွားလောက်တဲ့ အထိတော့ မမြင်ဘူး၊ ကုန်စျေးနှုန်းလည်း တက်မလာသေးဘူးလို့ သူက ပြောပါတယ်။

ဒေါ်လာစျေးတက်တာကို ထိန်းချုပ်နိုင်ဖို့ဆိုရင် ဗဟိုဘဏ် အနေနဲ့ သင့်လျော်တဲ့ ဒေါ်လာငွေ ပမာဏ သုံးစွဲခွင့် ပေးဖို့နဲ့ စျေးကွက် လိုအပ်ချက် အရ ထုတ်မရောင်း နိုင်ရင်တောင် အတတ်နိုင်ဆုံး ထုတ်ရောင်းပေးဖို့ လိုအပ်တယ်လို့ ဦးသိန်းထွန်းက ပြောပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ