ထားဝယ် စီးပွားရေးဇုန် အကောင်အထည်ဖေါ်ရာမှာ ဂျပန်ပါလာ

  • 14 မေ 2015
ဓာတ်ပုံ မူပိုင် AFP
Image caption ဂျပန်ပါလာတဲ့အတွက် ရင်းနှီး မြှုပ်နှံလာမယ့် အခွင့်အလမ်းတွေ ပိုရလာမယ်လို့ မျှော်လင့်ရ

ထားဝယ် အထူးစီးပွားရေးဇုန် စီမံကိန်း အကောင်အထည် ဖော် နိုင်ရေး အတွက် မြန်မာအစိုးရ နဲ့ ထိုင်းအစိုးရ ကိုယ်စားပြု အဖွဲ့တွေ ဆောင်ရွက်နေရာမှာ ဂျပန် အစိုးရ ကလည်း ပူးပေါင်း ဆောင်ရွက်တော့မယ်လို့ မြန်မာ အစိုးရပိုင်းက ပြောပါတယ်။

ထားဝယ် စီးပွားရေးဇုန် ဖြစ်လာရေး အတွက် ထိုင်းအစိုးရ ကိုယ်စားပြုအဖွဲ့ နဲ့ မြန်မာအစိုးရ ကိုယ်စားပြု အဖွဲ့တွေ ပေါင်းပြီး ထားဝယ် အထူးစီးပွားရေးဇုန် ဖွံ့ဖြိုးရေး ကုမ္ပဏီ လီမိတက် ဖွဲ့ ဆောင်ရွက်နေတာ ဖြစ်ပါတယ်။

စီးပွားရေးဇုန် တခု ပေါ်ပေါက်လာရေး အတွက် လိုအပ်တဲ့ အခြေခံ အဆောက်အအုံ တည်ဆောက်မယ့် နေရာတွေမှာ ရင်းနှီးမြှုပ်နှံသူတွေ ၊ စီးပွားရေးဇုန် ပေါ်လာရင် လာရောက်ရင်းနှီးမယ့် စက်ရုံ အလုပ်ရုံ လုပ်ငန်းတွေ အတွက် ရင်းနှီး မြှုပ်နှံမယ့်သူတွေကို ဒီအဖွဲ့ က နိုင်ငံစုံကနေ ရှာဖွေ ကြရမှာပါ။

အခုအခါ ဒီအဖွဲ့ထဲမှာ ဂျပန် ပါလာပြီ ဖြစ်တဲ့အတွက် ဂျပန်ဘက်က နိုင်ငံကိုယ်စားပြုပြီး အစုရှယ်ယာဝင်လာပြီ ဆိုရင် ရင်းနှီးမြှုပ်နှံလာကြမယ့် အခွင့်အလမ်းတွေ ရလာမှာ ဖြစ်သလို ဂျပန်နိုင်ငံရဲ့ သဘောထားတွေ အကြံပေးချက်တွေ ရလာနိုင်မှာ ဖြစ်ကြောင်း မြန်မာ အစိုးရ ကိုယ်စားပြုအဖွဲ့မှာ ပါတဲ့ နိုင်ငံခြား စီးပွား ဆက်သွယ်ရေးဌာန ညွှန်ကြားရေးမှူးချုပ် ဦးထွန်းထွန်းနိုင်က ဘီဘီစီကို ပြောပါတယ်။

ထားဝယ် အထူးစီးပွားရေး ဇုန် စီမံကိန်း နဲ့ပတ်သက်ပြီး ပူးပေါင်းဆောင်ရွက်မယ့် နိုင်ငံတနိုင်ငံ တိုးလာလို့ ရှေ့ကို ခြေလှမ်းရွေ့လာပြီလို့ ဆိုနိုင်ပေမယ့် ဘယ်ကာလ အပိုင်းအခြားမှာ အခြေခံ အဆောက်အအုံ စီမံကိန်းတွေ စနိုင်မယ်၊ ဘယ်ကာလလောက်မှာ စီးပွားရေးဇုံ လည်ပတ် နိုင်မယ် ဆိုတာ ကတော့ အခုအချိန်မှာ ဘယ်သူမှ မှန်းဆလို့ မရနိုင်သေးဘူးလို့ သုံးသပ်နေကြပါတယ်။