မြေပုံမြို့က လူ၅၀လောက် တရုတ်ပြည်ကို လူကုန်ကူးခံရ

Image caption မြေပုံမြို့နယ်ကနေ ထွက်ခွာသွားတဲ့ လူ၅၀ကျော် မိသားစုနဲ့ အဆက်အသွယ်မရ

ရခိုင်ပြည်နယ် မြေပုံမြို့နယ်က လူ ၅၀ ကျော်လောက် တရုတ်ပြည်ကို လူကုန်ကူး ခံရပြီး အခုအခါ ပျောက်ဆုံးနေတယ်လို့ သိရပါတယ်။

အဲဒီလူတွေ ရွာက ထွက်ခွာသွားတာ တစ်လကျော် ရှိနေပြီ ဖြစ်ပေမယ့် အခုအချိန်ထိ အဆက်အသွယ်မရပဲ ပျောက်ဆုံးနေပါတယ်။

အဲဒီထဲမှာ အသက် ၂၀အရွယ် အမျိုးသမီး ၅ဦး ပါဝင်ပြီး တရုတ်ပြည်ကြီးကို လူပွဲစားတွေက ခေါ်ယူသွားခဲ့တာလို့ ရွာသား ၁၄ ဦး ပါသွားတဲ့ မြေပုံမြို့နယ် ရေကောင်းချိန်ရွာက ဆွေမျိုးတစ်ဦးက ဘီဘီစီကို ပြောပါတယ်။

ဒီနှစ် ဧပြီလ ၁ ရက်နေ့က ခေါ်သွားတာ ဖြစ်ပြီး ရေကောင်းချိန်ရွာက ၁၄ ဦး၊ သဝင်စိတ်ကေ ကျေးရွာနဲ့ ကျွဲနားစူး ရွာက ၃၈ ဦး စုစုပေါင်း ၅၂ ဦး ဖြစ်တယ်လို့ သူက ပြောပါတယ်။

သူတို့ကို ခေါ်သွားတဲ့ အထဲမှာ ဒေသခံ ၇ ဦးခန့် ပါဝင် ပတ်သက်မှုတွေ ရှိနေပြီး အခုအခါ လူပွဲစားတွေကို ဖုန်းခေါ်လို့လည်း မရတော့ဘူးလို့ ဆိုပါတယ်။

ရဲကို တိုင်ကြားရင် တရုတ်ပြည်ကို ရောက်သွားတဲ့ သူတွေအတွက် အသက်အန္တရာယ် ရှိတယ် ဆိုပြီး ခြိမ်းခြောက်မှုတွေလည်း ရှိတယ်လို့ ဆိုပါတယ်။

ရေကောင်းချိန် ကျေးရွာကို တာဝန်ယူထားတဲ့ ကမ်းထောင်းကြီး ရဲစခန်းမှူးကတော့ ဒီကိစ္စနဲ့ ပတ်သက်လို့ သူတို့ဆီ လာရောက် တိုင်ကြားတာ မရှိသေးဘူးလို့ ပြောပါတယ်။

အခုလို အဆက်အသွယ် မရပဲ ပျောက်ဆုံးနေတဲ့ အတွက် မိသားစုဝင်တွေက အထူး စိုးရိမ် နေကြပါတယ်။

အလားတူ ပေါက်တောနဲ့ ကျောက်တော်မြို့နယ်က ရခိုင်အမျိုးသား အမျိုးသမီး ၁၆ ဦးလည်း တရုတ်နိုင်ငံ ကွန်တုံမြို့ရဲ့ ပရိဘောဂစက်ရုံမှာ နှစ်လလောက် အလုပ်လုပ်ပြီးမှ ပွဲစားတွေက လစာမရတဲ့ အတွက် ရောင်းစားတာ ခံခဲ့ရတယ်လို့ အဲဒီထဲမှာ ပါတဲ့ အသက် ၂၁ နှစ်အရွယ် သားဖြစ်သူနဲ့ အဆက်အသွယ် မရသေးတဲ့ ကျောက်တော်မြို့နယ် ပုန်နားကျေးရွာမှ ဖခင် တဦးက ပြောပါတယ်။