စီမံကိန်းမလုပ်တဲ့ အသိမ်းခံမြေတွေ ပြန်ရဖို့ ဆန္ဒပြ

  • 14 မေ 2015
Saw Town
Image caption စစ်တပ် စီမံကိန်းအတွက် သိမ်းဆည်းမြေတွေ အများအပြား ရှိတယ်လို့ဆို (ဓါတ်ပုံ ကိုအောင်ကျော်ကျော် FB)

မကွေးတိုင်း ဂန့်ဂေါခရိုင် ဆောမြို့နယ်မှာ အကြီးစား ကာကွယ်ရေး ပစ္စည်းစက်ရုံ ကပစ ၂၅ အတွက် သိမ်းထားတဲ့ မြေဧက၃သောင်းကျော် ထဲက စီမံကိန်း မလုပ်တဲ့ မြေတွေကို ပြန်ပေးဖို့ မူလ မြေပိုင်ရှင်တွေက ဆန္ဒပြတောင်းဆိုခဲ့ကြ ပါတယ်။

အသိမ်းခံ ထားရတဲ့ မြေတွေထဲက စီမံကိန်း မလုပ်ထားသေးတဲ့ ဆောမြို့နယ် ငလယ်ခုံ၊ ပေါက်ပံဆိုင်းနဲ့ ငှက်ပြာကျင်း ရွာတွေက တောင်သူတွေပိုင်တဲ့ ဧက ၇၀၀ ကျော် ပြန်ရရေး တောင်သူ ၂၀၀ ဝန်းကျင် ဆောမြို့ပေါ်မှာ ဆန္ဒပြခဲ့ကြတာ ဖြစ်ပါတယ်။

ဆန္ဒပြရာမှာ ပါတဲ့ ငှက်ပြာကျင်းရွာက မြေပိုင်ရှင် ဦးထွန်းမြင့်က အရင်တုန်းက သူတို့ရွာ ၃ ရွာကို ရွှေ့ခိုင်းခဲ့စဉ်က သူတို့တောင်းဆိုတဲ့ အတွက် ရွာတွေမရွှေ့ရတော့ ပေမဲ့ လုပ်စားဖို့ ယာမြေ မရှိတော့လို့ မြေတွေပြန်ရရေး တောင်းဆိုကြတာလို့ ပြောပါတယ်။

ကပစ ၂၅ ကို သီးစား ခပေးပြီး သူတို့မြေတွေမှာ လုပ်ကိုင် စားသောက်ခွင့် ရပေမဲ့ စီမံကိန်းတွေ လည်းမလုပ်တာကြောင့် မြေပိုင်ရှင်တွေက သူတို့မြေ သူတို့ပိုင်ဆိုင်ဖို့ အထက် အဆင့်ဆင့်ကို စာတင်ပြီး တောင်းဆိုမယ်လို့ မြေပိုင်ရှင်တွေက ပြောပါတယ်။

စီမံကိန်း မလုပ်ဘဲ မြေတွေ သိမ်းထားတာဟာ ၂၀၁၂ ခုနှစ် လယ်ယာမြေ ဥပဒေနဲ့ ကိုက်ညီမှု မရှိတာ တွေ့ရတယ်လို့ မကွေးတိုင်းဒေသကြီး တောင်သူလယ်သမား သမဂ္ဂရဲ့ အတိုင်ပင်ခံ ကိုအောင်ကျော်ကျော်က ပြောပါတယ်။

ကာကွယ်ရေး ပစ္စည်း စက်ရုံအတွက် မကွေးတိုင်း အတွင်းက မင်းဘူး၊ မကွေး၊ ဆိပ်ဖြူ၊ ပေါက်၊ မြိုင် စတဲ့မြို့နယ်တွေမှာလည်း ကပစက သိမ်းထားတဲ့ မြေတွေဟာ ဧက သိန်းချီ ရှိနေပြီး အမှန်တကယ် စီမံကိန်း လုပ်တာ အနည်းအကျဉ်းပဲရှိတယ်လို့ သူက ပြောပါတယ်။

မကွေးတိုင်း အတွင်းမှာ သိမ်းဆည်းခံ ရတဲ့ လယ်ယာမြေ တွေဟာ ဧက ၄သိန်းလောက်ရှိနေပြီး ကပစက သိမ်းတာဟာ အများဆုံးဖြစ်နေတယ်လို့ ဆိုပါတယ်။

လယ်သမားတွေက သီးစားခပေးပြီး လုပ်ကိုင်ခွင့်ရပေမဲ့ ပိုင်ဆိုင်မှုမရှိတဲ့ အတွက် စိုက်ပျိုးစရိတ်ချေးငွေ ချေးခွင့်မရတာကြောင့် နိုင်ငံတော်သမ္မတရဲ့ မိန့်ခွန်းအရ စီမံကိန်း မလုပ်တဲ့မြေတွေကို မူလမြေပိုင်ရှင်တွေထံ ပြန်လည်ပေးသင့်တယ်လို့ မြေသိမ်းခံတောင်သူတွေနဲ့ လယ်သမားအရေး လုပ်နေသူတွေက ပြောကြပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ