ရိုဟင်ဂျာလှေစီးပြေး ရွှေ့ပြောင်းသူများ အရေး နဲ့ပတ်သက်ပြီး အစိုးရကတုန့်ပြန်

Rohingya ဓာတ်ပုံ မူပိုင် Tin Aung Kyaw
Image caption ရိုဟင်ဂျာ ဒုက္ခသည် စခန်းတခုအတွင်းမှာ သူ့သား လူကုန်ကူးတွေ နဲ့ ပါသွားပုံ ကို အဖေဖြစ်သူ က ပြောပြ

အက်ဒမန်ပင်လယ်တွင်းမှာ လှေစီးပြေး ရွှေ့ပြောင်းသူများ ကမ်းမကပ်နိုင်ပဲ ဒုက္ခရောက်နေကြတဲ့ အရေး နဲ့ပတ်သက်ပြီး မြန်မာအစိုးရပိုင်း က ပြဿနာတွေ က မြန်မာဘက်က အဓိက စတင်ခဲ့တာ ဆိုပြီး လက်ညိုး မထိုးဖို့ တုန့်ပြန် လိုက်ပါတယ်။

လှေစီးပြေး ရွှေ့ပြောင်းသူတွေ ထဲမှာ မြန်မာနိုင်ငံ ရခိုင်ပြည်နယ် ဘက် က ဘင်္ဂါလီတွေ ပါကောင်းပါနိုင်ကြောင်းနဲ့ အခု လှေစီးပြေးသူတွေဟာ ဘင်္ဂလားဒေ့ရှက ဘင်္ဂါလီတွေ လည်းပါကြောင်း၊ အဲဒီအတွက် သူတို့ ကိုသာ ပြောနေလို့ မဖြစ်ကြောင်း မြန်မာအစိုးရ သမ္မတရုံး က ညွှန်ကြားရေးမှူး ဦးဇော်ဌေး က ဘီဘီစီ ကို ပြောပါတယ်။

ဒီအထဲမှာ မြန်မာနိုင်ငံသားတွေ ပါ၀င်ရင် သူတို့တာဝန်ယူနိုင်ကြောင်းနဲ့ လူကုန်ကူးသူများ ကိုလည်း သူတို့သိပါက ဖမ်းဆီးတားဆီးနေကြောင်း တုန့်ပြန်ပါတယ်။

နိုင်ငံသားဖြစ်ရေး နဲ့ပတ်သက်လို့လည်း ဘင်္ဂါလီ လူမျိုးအဖြစ် သတ်မှတ်လက်ခံ ပါက နိုင်ငံသား ဖြစ်မှုကို ဥပဒေနဲ့အညီ လုပ်ဆောင်ပေးနေကြောင်းလည်း ဦးဇော်ဌေး က ပြောပါတယ်။

အခု လှေစီးပြေး ရွှေ့ပြောင်းသူများအရေး နဲ့ပတ်သက်ပြီး သက်ဆိုင်ရာ နိုင်ငံတွေ နဲ့ နိုင်ငံတကာ အဖွဲ့အစည်းတွေ ကို ထိုင်းနိုင်ငံ က ဖိတ်ကြား ပြီး အစည်းအဝေး လုပ်မယ့်ကိစ္စ အပေါ်မှာ လည်း သူတို့အနေနဲ့ အခုထိ ဖိတ်ကြား တာကို လက်ခံ မရရှိသေးကြောင်းနဲ့ သူတို့လက်မခံတဲ့ အသုံးအနှုန်း တွေ နဲ့ လူမျိုးနာမည် ခေါ်ဝေါ်သုံးစွဲ ဖိတ်ကြားမယ် ဆိုရင် လည်း မြန်မာနိုင်ငံ ကတက်ရောက်မှာ မဟုတ်ကြောင်း တုန့်ပြန်ပြောဆိုပါတယ်။