လှေ​စီး​ဒုက္ခ​သည်​တွေ​ ကယ်ဆယ်​ရေး​မှာ ကု​လ​ကူညီမယ်

migrants_boat ဓာတ်ပုံ မူပိုင် epa
Image caption အင်ဒိုနီးရှား ကမ်းလွန်ပြင် ကို ရောက်လာတဲ့ ဘင်္ဂလားဒေ့ရှ် နဲ့ မြန်မာ နိုင်ငံ က ထွက် လာခဲ့ သူတွေ ရဲ့ လှေ တစ်စီး ပေါ် မှာ အစာရေစာ အတွက် အချင်းများ ရာက တိုက်ခိုက် မှုတွေ ဖြစ်ပေါ် ခဲ့ပြီး လူ ၁၀၀ ၀န်းကျင် လောက် သေခဲ့ ကြရတယ်လို့ ပြောနေသူတွေ ရှိပါတယ်။

အရှေ့တောင် အာရှ ဒေသတွင်း ပင်လယ်ပြင် မှာ မျောပါ နေ ကြ ရတဲ့ ဒုက္ခသည် များ အတွက် စိုးရိမ်မှု တွေ မြင့်တက် နေရတယ် လို့ ကုလသမဂ္ဂ အတွင်း ရေးမှုးချုပ် ဘန်ကီ မွန်း က ပြောလိုက် ပြီး ဒီ ဒုက္ခသည် တွေ ကို ကယ်ဆယ်ရေး မှာ ကုလသမဂ္ဂ အနေနဲ့ အကူအညီ တွေ ပေး သွားမယ် လို့လည်း ဆိုပါတယ်။

အတွင်း ရေးမှုးချုပ် ဘန် ဟာ ဒီ အရေး ကို ကိုင်တွယ် ဖို့ မလေးရှား နဲ့ ထိုင်း နိုင်ငံ ဝန်ကြီး ချုပ် တွေ ဆီ တယ်လီဖုန်း နဲ့ ဆက်သွယ် စကား ပြောခဲ့ ပါတယ်။

အဲဒီ့ ဆွေးနွေး မှု တွေ ထဲ မှာ လူ့ အသက် တွေ ကို ကာကွယ် ဖို့ နဲ့ နိုင်ငံတကာ ဥပဒေ ကို လေးစား လိုက်နာ ဖို့ အရေး ကြီးပုံ ကို အထူး အလေးထား ပြောဆို ခဲ့ ကြတယ် လို့ ကုလသမဂ္ဂ ရဲ့ ထုတ်ပြန် ချက် ထဲ မှာ ပါဝင် ပါတယ်။

အင်ဒိုနီးရှား ကမ်းတွေ ကို နောက်ထပ် အသစ် ထပ်ရောက် လာကြတဲ့ လှေစီး ဒုက္ခသည် တွေ ကို ထားရှိရာ Langsa မှာရှိတဲ့ စခန်း ဆီ အင်ဒိုနီးရှား ဆိုင်ရာ ဘင်္ဂလားဒေ့ရှ် သံအမတ် Mohammad Nazmul Quaunine သွားရောက် ခဲ့ ပါတယ်။

အခု ဖြစ်ပေါ် နေတာ ဟာ နိုင်ငံတကာ အဆင့် လူအခွင့်အရေး နဲ့ လုံခြုံရေး ဆိုင်ရာ ပြဿနာ အကြပ်အတည်း ဖြစ်ပြီး လောလောဆယ် အချိန် မှာ လူ့ အသက်တွေ ကို ကယ်တင် ရ မှာ ဖြစ်သလို၊ ပြဿနာ ရဲ့ ဇစ်မြစ် ကိုလည်း ကိုင်တွယ် သွားဖို့ လိုအပ် ပါတယ် ဆိုပြီး ဘင်္ဂလားဒေ့ရှ် သံအမတ် က ပြောပါတယ်။

ထိုင်း၊ အင်ဒိုနီးရှား နဲ့ မလေးရှား နိုင်ငံ တို့ အကြား က ပင်လယ်ပြင်မှာ လူမှောင်ခို တွေ က စွန့်ပစ် ထား ခဲ့ ကြတဲ့ ဘင်္ဂလားဒေ့ရှ် နဲ့ မြန်မာ နိုင်ငံ တို့က လှေစီးဒုက္ခသည် ထောင်ပေါင်း များစွာ မျောပါ နေကြရတယ် လို့ ယူဆ ရပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ