ကရင်ပြည်နယ် ဆရာတော် သတ်မှု ပြစ်ဒဏ်ချ

knu
Image caption သံဃာနဲ့ လူထုက တရားစီရင်တာကို ကျေနပ်

ကရင် ပြည်နယ် မှာ ကေအင်ယူ ကနေ ခွဲထွက်သွားတဲ့ ကရင် လက်နက်ကိုင် အဖွဲ့အစည်းတွေက ကေအင်ယူနဲ့ ပြည်နယ် အတွင်း တရား ဥပဒေ စိုးမိုးရေး လုပ်ငန်းတွေကို ဆောင်ရွက် နေပြီလို့ ကေအင်ယူ ပြည်ထဲရေး ဝန်ကြီး ကပြောပါတယ်။

တနင်္လာ နေ့ က KNU တပ်မဟာ ၇ ဌာနချုပ် မှာ ပြုလုပ်တဲ့ အထူး ခုံရုံး လူသတ်မှု စီရင်ချက်ချ အပြီးမှာ ပြောသွားတာပါ။

၂ဝ၁၄ အောက်တိုဘာ လ ၁၈ ရက်က ဦးထိန်မောင်ရဲ့ ငြိမ်းချမ်းရေး ကောင် စီက တပ်ခွဲမှူး စောတာဝါး နဲ့ နောက်လိုက် ၄ ယောက်၊ ဘုန်းကြီး တပါး ပူးပေါင်းပြီး ပိုင်ကျုံ မြို့နယ်ခွဲ၊ မယ်လ ရွာသစ် က ကျောင်းထိုင် ဆရာတော် ဦးကုသလ ကို သတ်တဲ့ အမှု ဖြစ်ပါတယ်။

အဲဒီ အမှုနဲ့ ပတ်သက်ပြီး ကရင် ပြည်နယ်က သံဃာ တွေကော လူထုတွေပါ အပြင်းအထန် မကျေမနပ် ဖြစ်ခဲ့တယ်လို့ ဆိုပါတယ်။

လူသတ်မှု ကျူးလွန် တဲ့ ၆ ယောက် ထဲက စောတာဝါး နဲ့ ဘုန်းကြီး ဦးဗုဒ္ဓဝံသ တို့ဟာ ထွက်ပြေး လွတ် မြောက်နေလို့ သူတို့ကို မျက်ကွယ်မှာ အလုပ်ကြမ်းနဲ့ ထောင်ဒဏ် တသက်စီ ချမှတ် ပါတယ်။

နောက်လိုက် ၄ ယောက် ထဲက ၃ ယောက် ကို အလုပ်ကြမ်း နဲ့ ထောင်ဒဏ် ၁ဝ နှစ်စီ နဲ့ တယောက် ကို အလုပ်ကြမ်း နဲ့ ၇ နှစ် ထောင်ဒဏ် ချမှတ် ပါတယ်။

ပြစ်ဒဏ် ချမှတ် ခံရသူ တွေဟာ ရက် ၄ဝ အတွင်းမှာ အယူခံ ဝင်နိုင်ပါတယ်။

တရား စီရင် တာ ကို တက်ရောက် နားထောင် ကြတဲ့ ပြည်တွင်းက ကြွလာတဲ့ သံဃာတွေနဲ့ လူထု ကတော့ အခု လို တရား စီရင် တာကို ကျေနပ်ကြတယ် လို့ ပြောကြပါတယ်။

ကရင် ပြည်နယ်ထဲက ကရင်လူထု အပေါ် အနိုင်ကျင့် ပြီး မြေယာသိမ်း နေတာ တွေ၊ မတရားမှု၊ရာဇ၀တ်မှု တွေ၊ မူးယစ် ဆေးဝါး မှု တွေနဲ့ လူကုန်ကူး မှု တွေပါ ဖြစ်နေ တာကြောင့် ကေအင်ယူ၊ ဗိုလ်ချုပ်ထိန်မောင် ရဲ့ ငြိမ်းချမ်းရေး ကောင်စီ၊ BGF နယ်ခြားစောင့် တပ် နဲ့ DKBA စတဲ့ ကရင် လက်နက် ကိုင် ၄ ဖွဲ့က ပူးပေါင်း ပြီး ဆောင်ရွက် နေတာပါ။

ကေအင်ယူ ပြည်ထဲရေး ၀န်ကြီး ဗဒို စောအားတိုး က အခု ကရင့်လက်နက်ကိုင် အဖွဲ့ တွေ ပြန်လည် စည်းလုံးဖို့ ကော်မီတီ ဖွဲ့ပြီး လုပ်ဆောင်နေပြီ ဖြစ်တယ်။ အခု ဒီနေ့ခုံရုံး ကနေ စီရင် လိုက်တဲ့ အမှု က ပထမဆုံး ခြေလှမ်း လို့ ပြောသွားပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ