ရိုဟင်ဂျာ လူမျိုးပြုန်းအောင် လုပ်နေလို့ဆို

rohingya
Image caption လှေစီး ဒုက္ခသည် တွေကို အင်ဒိုနီးရှား ကယ်ဆယ် ထား

မြန်မာ အစိုးရ ရဲ့ ရိုဟင်ဂျာ တွေ အပေါ် ထားတဲ့ သဘောထားတွေ ၊ ပြုမူနေ တာတွေ ဟာ လူမျိုးပြုန်း အောင် လုပ်တဲ့ လုပ်ဆောင်ချက် တွေ လိုမျိုး ဖြစ်နေကြောင်း တွေ့ရှိ ရတယ် လို့ လန်ဒန် က Queen Mary University of London က သုတေသန တွေ့ရှိချက် ကို မူတည်ပြီး ပြောကြား လိုက်ပါတယ်။

ရခိုင် ပြည်နယ်မှာ ရှိနေကြတဲ့ ရိုဟင်ဂျာ တွေ ကို လူမျိုးပြုန်းအောင် သတ်ဖြတ်နေတယ် ဆိုတဲ့ သတင်းတွေ ထွက်ခဲ့တာ တော့ မရှိပါဘူး။

အဲဒီ သုတေသီ ထဲက တယောက်ဖြစ်တဲ့ မစ္စ Alicia de la Cour Venning က နိုင်ငံအစိုးရ တခုက ဦးစီးပြီး ရာဇဝတ် တခု လုပ်ဆောင် နေသလားဆိုတဲ့ ဆန်းစစ်မှု ဘောင်နဲ့ ကြည့်တဲ့အခါ အစိုးရဟာ လူမျိုးအုပ်စု တခု ကို ပစ်မှတ် ထားပြီး လူသား အဖြစ်က နှိမ့်ချ ပြုမူ နေတာတွေ ကို အချိန်ကာလ တခု အတော် ကြာကြာ တွေ့လာခဲ့ရတယ် လို့ ဆိုပါတယ်။

ဒါဟာ လူမျိုးတုံးအောင် လုပ်ခဲ့တဲ့ ရဝမ်ဒါလို၊ ဂျာမနီ မှာလို အဖြစ်တွေ နဲ့ဆင်တူ ပါတယ်။

နောက်ပြီး ရိုဟင်ဂျာတွေ ဟာ အပြင်ကလူတွေ၊ ဘင်္ဂါလီက ခိုးဝင် လာတဲ့သူတွေ လို့ သတ်မှတ်ပြီး မြန်မာ လူ့အသိုင်းအဝိုင်း မှာ ဝင်လို့ မရအောင် ခွဲခြား ထားတယ်၊ ချိုးနှိမ် ဆက်ဆံတာ။

အခြေခံ လူ့အခွင့်အရေး တွေ မရဘူး။ သူတို့ရဲ့ စခန်းတွေ ထဲကနေ၊ ရွာတွေ ထဲက အပြင်ကို ထွက်ဖို့ ဆိုတာ လည်း ပိတ်ပင်တာ ခံရသလို အဲလိုလုပ်မယ် ဆိုရင် ခြိမ်းခြောက် တာတွေ ၊ အကြမ်းဖက်တာတွေ က ကြုံနေရတယ်။

ဒီလို လုပ်ဆောင်တာတွေ က အစိုးရက တိုက်ရိုက်ဖြစ်စေ၊ အာဏာပိုင် တွေ ရဲ့ခွင့်ပြုချက်တွေ နဲ့ ပတ်သက် ဆက်နွယ်နေတာ တွေ က လုပ်နေ တာပါ။ ဒါကြောင့် အစိုးရ ကိုယ်တိုင် က လူမျိုးပြုန်းအောင် ပြုမူနေတာ လို့ ကောက်ချက်ချ လို့ ရပါတယ် လို့ ဖြေပါတယ်။

မြန်မာအစိုးရ ကတော့ ဒီ လူတွေ ကို နှစ်ပေါင်းများစွာ ကတည်းက မြန်မာပြည်မှာ အခြေချ နေထိုင် ခဲ့တဲ့ သူတွေ လို့မသတ်မှတ် ထားပါဘူး။ သူတို့ ဟာ ဘင်္ဂလားဒေ့ရှ် က လွန်ခဲ့တဲ့ ဆယ်စုနှစ် တွေမှာ တရားမဝင် ရွှေ့ပြောင်း လာသူ တွေ လို့ သတ်မှတ် ထားပြီး သူတို့အနေနဲ့ ဒီလူတွေ အပေါ်မတရား ပြုမူတာတွေ မရှိဘူး လို့ အမြဲ ပြောခဲ့ပါတယ်။

အခု သုတေသီ အဖွဲ့ အနေနဲ့ ကတော့ သမိုင်းကြောင်း အရ ဒီလူတွေ ဘယ်လို ဘယ်အချိန် က ရောက်လာတယ် ဆိုတာ ကို ငြင်းခုံမှုတွေ အများအပြား ရှိပေမယ့် သူတို့ ကတော့ လက်ရှိ ရှိနေတဲ့ ရိုဟင်ဂျာ တွေ ရဲ့ အခြေအနေ ကိုသာ ဦးတည် လေ့လာခဲ့တာ လို့ဆိုပါတယ်။

သူတို့ဟာ ခွဲခြားဖိနှိပ်ခံရ တာတွေ အမှန်ပဲ ရှိနေတဲ့အတွက် အဲဒါ တွေ ကို အစိုးရ က ဖြေရှင်း ဆောင်ရွက် သင့်တယ် လို့လည်း သူက ပြောပါတယ်။ ရိုဟင်ဂျာတွေ အနေနဲ့ အဲဒီ ပြုမူ ဆောင်ရွက်ချက် တွေ ကို ပေခံရင်း အဲဒီမှာ ဆက်နေ မလား နဲ့ အဲဒီနေရာ ကနေ ထွက်ပြေး မလား ဆိုတဲ့ လမ်း ၂ ခု ကလွဲလို့ ဘာမှ မရှိတဲ့ အကြောင်းလည်း ပြောပါတယ်။

အခုဒီ သုတေသနပြုချက် ဟာ နိုင်ငံတကာ အသိုင်းအဝိုင်း အနေနဲ့ အထူးသဖြင့် မြန်မာအစိုးရ က ရိုဟင်ဂျာတွေ အပေါ် သဘောထား ပြုမူ ချက်တွေ ပြောင်းလဲလာစေဖို့ တွန်းအား တခု ဖြစ်စေလိမ့်မယ် လို့ သုတေသီ အယ်လစ်ရှာ က ရည်မှန်း ပေမယ့် မြန်မာ အစိုးရ အနေနဲ့ က တော့ ဒီအရေး နဲ့ပတ်သက်ပြီး နားထောင်လေ့ မရှိတာ ကို တွေ့နေရ ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ