အရေးပေါ် ၅ ည အက်ဥပဒေ ကိုဖျက်သိမ်းဖို့ အဆို လွှတ်တော်မှာ ရှုံးပြန်

  • 20 မေ 2015
parliament ဓာတ်ပုံ မူပိုင် AFP
Image caption ပုဒ်မ ၅ ည ဖျက်ဖို့အဆို ပယ်ချခံရ

အရေးပေါ်စီမံမှု အက်ဥပဒေ ၅ ည ကိုဖျက်သိမ်းဖို့ အဆို ကို လွှတ်တော် ကိုယ်စားလှယ် တဦး က ပြည်သူ့ လွှတ်တော်မှာ အဆိုတင်ခဲ့ပေမယ့်လည်း အဆိုကို ဆွေးနွေးဖို့ အရေး ပယ်ချခံရပါတယ်။

ဒီအဆိုကိုတင်တဲ့ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးဝင်းမြင့်က ဒီ ဥပဒေမှာ ပါတဲ့ အချက်တွေ ဟာ ရာဇသတ်ကြီး ဥပဒေ တွေထဲမှာ ပြဌာန်းပြီးသား ဖြစ်တဲ့အပြင် ဒီဥပဒေ ဟာ နိုင်ငံသားတွေရဲ့ မူလ အခွင့်အရေး ကို ပျက်ပြားစေတဲ့အတွက် ဖျက်သိမ်းသင့်တဲ့ အကြောင်း ပြည်သူ့လွှတ်တော် မှာ တင်ပြခဲ့ပါတယ်။

ပြည်ထဲရေးဝန်ကြီး ဌာန ဒုတိယ ဝန်ကြီး ဗိုလ်မှူးချုပ်ကျော်ဇံမြင့် ကတော့ ဒီဥပဒေ ဟာ နိုင်ငံလုံခြုံရေး ၊ ပြည်တွင်း တည်ငြိမ်ရေး အတွက်လိုအပ်တာကြောင့် ဖျက်သိမ်းဖို့မလို ဘူးလို့ ပြန်လည်ဆွေးနွေးပြီးတဲ့နောက် ပြည်ထောင်စု ကြံ့ခိုင်ဖွံ့ဖြိုးရေး ပါတီ က အမတ်တွေ အများစုလွှမ်းမိုးထားတဲ့ လွှတ်တော် မှာ ဖျက်သိမ်းဖို့ မလိုဘူး ဆိုတဲ့ ဘက်က အောင်မြင် ခဲ့ပါတယ်။

အာဏာပိုင်တွေ ကို အလွန်အကျွံ လုပ်ပိုင်ခွင့်တွေ ပေးထားလိုပ ဝေဘန်မှုတွေ ရှိနေတဲ့ ဒီ ဥပဒေကိုဖျက်သိမ်းဖို့ အရင်ကလည်း အချို့ လွှတ်တော်အမတ် တွေ တင်ပြခဲ့ပေမယ့် အခုလိုမျိုးပဲ ပယ်ချခံရပါတယ်။

အရေးပေါ်စီမံမှု အက်ဥပဒေ ၅ ည နဲ့ လိုရင် လိုအပ်သလို ထောင်ဒဏ်ချမှတ် ခဲ့ကြတဲ့အတွက် ဒီပုဒ်မ နဲ့ ထောင်ဒဏ် နှစ်ရှည်ချမှတ်ခံခဲ့ရတဲ့ နိုင်ငံရေး လှုပ်ရှားတက်ကြွသူတွေ အများအပြားရှိပါတယ်။