လှေစီး ဒုက္ခသည် ပြဿနာ ဇစ်မြစ်ကို ဖြေရှင်းသင့်တယ်လို့ OIC ပြော

ဓာတ်ပုံ မူပိုင် Reuters
Image caption လှေစီးဒုက္ခသည် အများအပြားက သူတို့ကိုယ် သူတို့ ရခိုင်ပြည်နယ်က ထွက်ပြေးလာတဲ့ ရိုဟင်ဂျာတွေလို့ ပြောနေ

ကပ္ပလီပင်လယ်ပြင်နဲ့ မလက္ကာ ရေလက်ကြား မှာ လှေသမ္ဗန်တွေနဲ့ မျောပါနေတဲ့ ရွှေ့ပြောင်း ဒုက္ခသည်တွေအရေးကို ဖြေရှင်းရာမှာ ပြဿနာရဲ့ အခြေခံ ဇစ်မြစ်ကို ကိုင်တွယ် ဖြေရှင်းဖို့ လိုကြောင်းနဲ့ ဒီကိစ္စကို ဆွေးနွေး ပြောဆိုရာမှာ ဘင်္ဂလားဒေ့ရှ် နိုင်ငံပါ ပါဝင်သင့်ကြောင်း OIC အစ္စလာမစ် နိုင်ငံများ ပူးပေါင်း ဆောင်ရွက်ရေး အဖွဲ့ရဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူးသံတမန် မလေးရှား နိုင်ငံခြားရေး ဝန်ကြီးဟောင်း Sayed Hamid Alba က ဘီဘီစီကို ပြောပါတယ်။

OIC အနေနဲ့ကတော့ ရခိုင်ပြည် နယ်မှာ လိုအပ်နေတဲ့ကျောင်းတွေ၊ ဆေးရုံတွေ ဆောက်ပေးဖို့၊ လူမျိုးဘာသာ မခွဲဘဲလူသားချင်း စာနာတဲ့ ကူညီမှုတွေ ပေးသွားမှာ ဖြစ်တယ်လို့ ပြောသွားပါတယ်။

လှေစီး ရွှေ့ပြောင်း ဒုက္ခသည်တွေရဲ့ အရေးနဲ့ ပတ်သက်လို့ မေလ ၂၉ရက်နေ့ကျရင် ထိုင်းနိုင်ငံမှာ ကျင်းပမယ့် အရေးပေါ် အစည်းအဝေးကို မြန်မာအစိုးရက တက်ရောက်ဖို့ အခုအခါ သဘောတူလိုက်ပြီ ဖြစ်ပါတယ်။

မြန်မာ ပိုင်နက် ပင်လယ်ပြင်မှာ ရှာဖွေ တွေ့ရှိတဲ့ ရွှေ့ပြောင်း ဒုက္ခသည်တွေကို မြန်မာ အစိုးရအနေနဲ့ ကယ်ဆယ် အကူအညီ ပေးသွားမှာ ဖြစ်ပြီး မြန်မာနိုင်ငံက မဟုတ်တဲ့ နိုင်ငံခြားသားတွေကိုတော့ သူတို့ရဲ့ နေရပ် ဌာနေကို ပြန်ပို့မယ်လို့ မြန်မာနိုင်ငံ ပြန်ကြားရေး ဝန်ကြီး ဦးရဲထွဋ်က ပြောပါတယ်။

အဲဒီ လှေစီးဒုက္ခသည် အများအပြားက သူတို့ကိုယ် သူတို့ မြန်မာနိုင်ငံ ရခိုင်ပြည်နယ်ကနေ ထွက်ပြေးလာတဲ့ ရိုဟင်ဂျာတွေလို့ ပြောနေပါတယ်။