လှေစီး ရွှေ့ပြောင်း ဒုက္ခသည်တွေအရေး အမေရိကန် ကူမယ်။

Image caption ရွှေ့ပြောင်း ဒုက္ခသည်တွေကို နေရာ ချထားရေးမှာ အမေရိကန်က ထိပ်ဆုံးကနေ ပါဝင်ကူညီမယ်လို့ ဆို

ဘင်္ဂလားဒေ့ရှ်နဲ့ မြန်မာနိုင်ငံကနေ ထွက်ပြေးလာကြတဲ့ လှေစီး ရွှေ့ပြောင်း ဒုက္ခသည်တွေအရေးနဲ့ ပတ်သက်လို့ ငွေကြေးဆိုင်ရာ နဲ့ ပြန်လည် နေရာချထားရေးတွေမှာ အကူအညီပေးဖို့ အသင့်ရှိတယ်လို့ အမေရိကန် အစိုးရက ထုတ်ဖော်ပြောကြားလိုက်ပါတယ်။

ရွှေ့ပြောင်း ဒုက္ခသည်တွေကို လက်ခံထားရှိဖို့ စခန်းတွေ တည်ထောင်တာမျိုးလို ကိစ္စရပ်တွေမှာ ငွေကြေး အကူအညီ ထပ်ဆောင်းဖို့နဲ့ ဒုက္ခသည်တွေကို စိစစ်တဲ့ လုပ်ငန်းစဉ်တွေမှာ အကူအညီပေးဖို့ UNHCR ကုလသမဂ္ဂ ဒုက္ခသည်များ မဟာမင်းကြီးရုံးနဲ့ IOM ရွှေ့ပြောင်း အခြေချသူများဆိုင်ရာ နိုင်ငံတကာ အဖွဲ့ကြီးတို့က ပန်ကြားလာခဲ့ရင် အမေရိကန် အစိုးရအနေနဲ့ အကူအညီပေးမယ်လို့ အမေရိကန် နိုင်ငံခြားရေး ဝန်ကြီးဌာန ပြောခွင့်ရ အမျိုးသမီး Marie Harf ကသတင်းစာ ရှင်းလင်းပွဲမှာ ပြောသွားပါတယ်။

ဒါ့အပြင် ရွှေ့ပြောင်းဒုက္ခသည်တွေကို နေရာချထားရေး အဆိုပြုချက်တခုနဲ့ ပတ်သက်လို့ အမေရိကန် အစိုးရအနေနဲ့ အသေအချာ သုံးသပ်နေကြောင်းနဲ့ ဒုက္ခအရောက်ဆုံးသူတွေကို ပြန်လည် နေရာချရေးအတွက် UNHCR ဦးဆောင်တဲ့ နိုင်ငံပေါင်းစုံ ကြိုးပမ်းမှု မှန်သမျှမှာ ထိပ်ဆုံးကနေ ပါဝင်ဖို့ အသင့်ရှိကြောင်းလည်း ပြောပါတယ်။

အောက်တိုဘာလကတည်းကနေ ခုချိန်ထိ အမေရိကန်နိုင်ငံမှာ ရိုဟင်ဂျာ မွတ်စလင် တထောင်ကျော်လောက်ကို နေရာချထားပြီး ဖြစ်တယ်လို့လည်း အမေရိကန် နိုင်ငံခြားရေး ဝန်ကြီးဌာန ပြောခွင့်ရ အမျိုးသမီး Marie Harf က ပြောသွားပါတယ်။