မလေးနဲ့အင်ဒို နိုင်ငံခြားရေးဝန်ကြီးများက လှေစီးပြေးတွေ အရေး လာရှင်းပြ

Migrants in Adaman Sea ဓာတ်ပုံ မူပိုင် Reuters
Image caption ကပ္ပလီ ပင်လယ်ပြင်ထဲက လှေစီးပြေး ရွှေ့ပြောင်း သူများ

ကပ္ပလီ ပင်လယ်ပြင် အတွင်းက လှေစီး ဒုက္ခသည်တွေ အရေးနဲ့ ပတ်သက်လို့ မလေးရှားနဲ့ အင်ဒိုနီးရှား နိုင်ငံတို့က နိုင်ငံခြားရေး ဝန်ကြီးတွေက မြန်မာ နိုင်ငံခြားရေး ဝန်ကြီး ဦးဝဏ္ဏမောင်လွင်ကို မေလ ၂၁ ရက်နေ့က လာရောက် တွေ့ဆုံခဲ့ ပါတယ်။

လှေစီး ဒုက္ခသည်တွေ အရေး ထိုင်း၊ မလေးရှားနဲ့ အင်ဒိုနီးရှား နိုင်ငံတို့က ပူးတွဲ ထုတ်ပြန်ခဲ့တဲ့ ကြေညာချက်နဲ့ ပတ်သက်ပြီး လာရောက်ရှင်းလင်း ပြောပြခဲ့တာလို့ နိုင်ငံခြားရေး ဌာန အပြည်ပြည် ဆိုင်ရာ အဖွဲ့အစည်းများနဲ့ စီးပွားရေး ဦးစီးဌာန ခေတ္တ ညွှန်ကြားရေးမှူးချုပ် ဦးထင်လင်းက ပြောပါတယ်။

လက်ရှိ အာဆီယံ ဥက္ကဌ တာဝန်ယူ ထားတဲ့ မလေးရှား နိုင်ငံက အာဆီယံရဲ့ စည်းလုံး ညီညွတ်မှုကို ရှေးရှုပြီး အတတ်နိုင်ဆုံး ဆောင်ရွက်သွားတာတွေကို လာရှင်းပြတာ ဖြစ်သလို အင်ဒိုနီးရှား နိုင်ငံကတော့ နှစ်နိုင်ငံ ပူးပေါင်း ဆောင်ရွက်မှုတွေကို လာရှင်းပြရင်းနဲ့ လှေစီး ဒုက္ခသည်တွေ အရေးကိုပါ ထည့်သွင်း ပြောတာလို့ ဆိုပါတယ်။

လှေစီးပြေး ဒုက္ခသည်တွေ ကို သူတို့ နိုင်ငံတွေမှာ ယာယီ ၁ နှစ် ခိုလှုံခွင့် တစ်နှစ် သတ်မှတ်ပေးထားတာ အပါအဝင် ဆက်လက် လုပ်ဆောင်မှာတွေနဲ့ ပတ်သက်လို့ နိုင်ငံခြားရေး ဝန်ကြီးတွေက ပြောပြခဲ့ကြတယ်လို့ ဦးထင်လင်းက ပြောပါတယ်။

ကပ္ပလီ ပင်လယ်ပြင် အတွင်းမှာ ဖြစ်နေတဲ့ လူမှောင်ခိုမှု တွေကို နှိမ်နင်းဖို့ ဒေသတွင်း နိုင်ငံတွေနဲ့ ပူးပေါင်း အဖြေရှာမယ်၊ မြန်မာ နိုင်ငံက ထွက်ခွာသွားသူတွေ ဖြစ်တာ မှန်ရင် စိစစ်ပြီး နိုင်ငံကို ပြန်ခေါ်မယ် ဆိုတာ ပါဝင်တဲ့ မြန်မာနိုင်ငံရဲ့ သဘောထားကို မေလ ၁၉ ရက်နေ့က နိုင်ငံခြားရေး ဝန်ကြီးဌာန ထုတ်ပြန်ချက်ထဲမှာ အပြည့်အစုံ ဖော်ပြထားပြီး ဖြစ်တယ်လို့ သူက ပြောပါတယ်။

လာမယ့် မေလ ၂၉ ရက်နေ့ ထိုင်းနိုင်ငံမှာ ကျင်းပမယ့် ဆွေးနွေးပွဲကို မြန်မာ ဘက်က တက်ရောက်မယ် လို့လည်း ဦးထင်လင်းက ပြောပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ