ရွှေ့ပြောင်းသူတွေရဲ့ စက်လှေ ၂စီး မြန်မာ ကယ်ဆယ်

ဓာတ်ပုံ မူပိုင် epa
Image caption စက်လှေပေါ် ပါလာသူ အများစုဟာ ဘင်္ဂါလီတွေလို့ မြန်မာ အစိုးရက ဖော်ပြ။

ဘင်္ဂလားဒေ့ရှ် နယ်စပ် အနီး မြန်မာ ရေပိုင်နက် အတွင်းမှာ လှေစီး ရွှေ့ပြောင်းသူ အယောက် ၂၀၀ ကျော် ပါတဲ့ စက်လှေ ၂ စီးကို မြန်မာ ရေတပ်က ကြာသပတေးနေ့မှာ တွေ့ရှိပြီး မြန်မာနိုင်ငံထဲကို ခေါ်ဆောင် ခဲ့ပါတယ်။

ပင်လယ်ပြင် အတွင်းက လှေစီး ရွှေ့ပြောင်းသူတွေရဲ့ အရေးနဲ့ ပတ်သက်ပြီး လုံလောက်တဲ့ ဆောင်ရွက်မှုတွေ မရှိသေးဘူးလို့ မြန်မာ အစိုးရ အနေအပေါ် ဝေဖန်မှုတွေ ကြုံတွေ့ နေခဲ့ရပြီးနောက် အခုလို ဆောင်ရွက်မှု ပေါ်ပေါက် လာတာ ဖြစ်ပါတယ်။

စက်လှေပေါ်မှာ ပါလာသူတွေ အနက် အယောက် ၂၀၀ ဟာ ဘင်္ဂလားဒေ့ရှ်နိုင်ငံသားတွေ ဖြစ်ကြပြီး ၈ ယောက်ဟာ မြန်မာနိုင်ငံကျောက်တော်မြို့က ဘင်္ဂါလီ ၈ ဦး ဖြစ်တယ်လို့ ရခိုင်ပြည်နယ် ဥပဒေချုပ်နဲ့ သတင်း ထုတ်ပြန်ရေး အဖွဲ့ ဥက္ကဋ္ဌ ဦးလှသိန်းက ဘီဘီစီကို ပြောပါတယ်။

မိမိကိုယ်ကိုယ် ရိုဟင်ဂျာလို့ ခေါ်သူတွေကို မြန်မာအစိုးရက ဘင်္ဂါလီလို့သာ ခေါ်ဝေါ်သုံးစွဲလေ့ရှိပါတယ်။

မြန်မာ ရေတပ်က ခေါ်ဆောင် လာတဲ့ စက်လှေ နှစ်စီး အနက်မှာ တစီးဟာ မြန်မာနိုင်ငံသား ပိုင်ဖြစ်ပြီး စက်လှေ ပိုင်ရှင်ဟာ ထိုင်းနိုင်ငံ ရနောင်းမြို့မှာ နေထိုင်တယ်လို့ ဦးလှသိန်းက ဆိုပါတယ်။ မြန်မာနိုင်ငံသားပိုင် စက်လှေ ပါဝင် အသုံးပြု တာဟာ လူကုန်ကူးသူတွေက ငှားရမ်းလို့ ဖြစ်နိုင်တယ်လို့ ဦးလှသိန်းက ဆိုပါတယ်။ ကျန်စက်လှေတစီး ကတော့ ထိုင်းနိုင်ငံသားပိုင် စက်လှေ ဖြစ်ပါတယ်။

အခု ခေါ်ဆာင် လာသူတွေကို မောင်တောမြို့နယ် အလယ်သံကျော်ကျေးရွာမှာ စခန်းဖွင့်ထားရှိပြီး လိုအပ်တဲ့ စားနပ်ရိက္ခာ အကူအညီတွေ ပေးထားတယ်လို့ ဆိုပါတယ်။

မြန်မာ အစိုးရ အရာရှိတွေ၊ မလေးရှားနဲ့ အင်ဒိုနီးရှား နိုင်ငံခြားရေး ဝန်ကြီးတွေနဲ့ အမေရိကန် ဒုတိယ နိုင်ငံခြားရေး ဝန်ကြီးတို့လည်း လှေစီးပြေးဒုက္ခသည်များ အရေးနဲ့ ပတ်သက်ပြီး ကြာသပတေးနေ့က တွေ့ဆုံ ဆွေးနွေး ခဲ့ကြပါတယ်။

မလေးရှားကလည်း ပင်လယ်အတွင်းက ရွှေ့ပြောင်းသူတွေရဲ့ လှေတွေကို ရှာဖွေ ကယ်ဆယ်မှုတွေ ဒီကနေ့ သောကြာနေ့မှာ စတင် လုပ်ဆောင် နေပါတယ်။

မလေးရှား၊ ထိုင်းနဲ့ အင်ဒိုနီးရှား နိုင်ငံတွေကိုလည်း လှေစီး ရွှေ့ပြောင်းသူ အယောက် ၃၀၀၀ ကျော် ရောက်ရှိခဲ့ပြီး ဖြစ်ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ