ဖွဲ့စည်းပုံပြင်ရေး အန်နယ်ဒီနဲ့ ၈၈ ဆွေးနွေး

  • 23 မေ 2015
Image caption မြန်မာနိုင်ငံ ရဲ့ ဖွဲ့စည်းပုံဟာ ဒီမိုကရေစီ နည်းမကျ ဘူးလို့ ဝေဖန် ခံနေရ

ဒီမိုကရေစီ ဖက်ဒရယ် ပြည်ထောင်စု ဖြစ်လာဖို့ အတွက် ကြိုးပမ်းဖို့ ဦးတည်ချက် တူတဲ့အဖွဲ့အစည်း တွေစုစည်းဖို့ ဆောင်ရွက်နေတာ လို့ ၈၈ ခေါင်းဆောင်တဦး ဖြစ်တဲ့ ကိုမြအေးက ပြောပါတယ်။

ဖွဲ့စည်းပုံ ဥပဒေကို ဆန္ဒရှိရှိနဲ့ ပြင်ဖို့ အတွက် အာမခံချက်တခု ပေးတာကို လိုချင်တယ် လို့လည်း ကိုမြအေး ကပြောပါတယ်။

အခုအချိန်ထဲမှာ ဒီမိုကရေစီဖက်ဒရယ် ပြည်ထောင်စုကို မျှော်မှန်းပြီး ဖွဲ့စည်းပုံကို ပြင်ချင်တဲ့ အင်အားစုက လွှတ်တော်ထဲမှာ နည်းနေတဲ့ အတွက် ၂၀၁၅ အလွန်မှာ အင်အား ပိုများလာဖို့မျှော်မှန်း လုပ်ဆောင် နေတယ် လို့လည်း သူကပြောပါတယ်။

တချိန်ထဲမှာဘဲ စစ်တပ်ကလည်း သဘောတူလာအောင် လုပ်နိုင်မယ့်နည်းလမ်း တွေကိုရှာကြံ ဆောင်ရွက်ရလိမ့်မယ်လို့ ဆိုခဲ့ပါတယ်။

အန်အယ်ဒီ ဗဟို အလုပ်အမှုဆောင် ကော်မီတီဝင် ဦးဝင်းထိန်က လည်း ဖွဲ့စည်းပုံ ဥပဒေ ပါအချက်တခုချင်းကို ပြင်ဆင်ရေး အတွက် အသေးစိတ် ဆွေးနွေးပြီး လာမယ့် ရွေးကောက်ပွဲမှာ ပါတီအောင်နိုင်ရေး အတွက် ၈၈ အဖွဲ့နဲ့ ပူးပေါင်း ဆောင်ရွက် မယ်လို့ ပြောပါတယ်။

ဒါပေမယ့် ရွေးကောက်ပွဲမတိုင်ခင် ကာလမှာ ဖွဲ့စည်းပုံ ကိုပြင်နိုင်ဖို့ အလားအလာ အရမ်းနည်းနေတယ်ဆိုတာကို ကိုမြအေးက ဝန်ခံပြောခဲ့ပါတယ်။

မေလ ၂၇ ရက်နေ့မှာလည်း အန်အယ်ဒီ နဲ့ ၈၈ အဖွဲ့တို့ရဲ့ နိုင်ငံရေး ပူးတွဲကြေညာစာတမ်း တခု ထုတ်ပြန်ဖို့ရှိနေပါတယ်။