လှေစီးဒုက္ခသည် ၂၀၀ ဘင်္ဂလားဒေ့ရှ်ကို ပြန်ပို့ဖို့ စီစဉ်

ဓာတ်ပုံ မူပိုင် epa
Image caption ဘင်္ဂလားဒေ့ရှ်က လက်မခံ မချင်း တောင်ပြိုမှာ ထားမယ်

မြန်မာ့ ပင်လယ် ရေပိုင် နက်မှာ မြန်မာ ရေတပ် ကနေ ဖမ်းဆီး မိခဲ့တဲ့ လှေစီး ဒုက္ခသည် ၂၀၀ ကို ဘင်္ဂလားဒေ့ရှ် နိုင်ငံ ဆီ ပြန်ပို့ ဖို့အတွက် ဘင်္ဂလားဒေ့ရှ် နယ်စပ်နဲ့ နီးတဲ့ တောင်ပြိုမြို့ကို တနင်္လာ နေ့က ပြောင်းရွှေ့ ခဲ့ပြီ ဖြစ်ပါတယ်။

ဒီ ဒုက္ခသည် တွေကို ဘင်္ဂလားဒေ့ရှ် နယ်ခြားစောင့် တပ်ကနေ လာရောက် စစ်ဆေးတဲ့ အခါ အဆင်ပြေအောင် အတွက် အခုလို နယ်စပ်နဲ့ နီးတဲ့ တောင်ပြို မြို့ကို ပို့ဆောင်တာ ဖြစ်တယ်လို့ မောင်တော ခရိုင် အုပ်ချုပ်ရေးမှူး ဦးခင်မောင်လွင် ကပြောပါတယ်။

ပြန်ပို့ ဖို့ ကိစ္စ ကိုတော့ နှစ်နိုင်ငံ နိုင်ငံခြားရေး ဌာန တွေကနေ ဆက်သွယ် ဆောင်ရွက် နေကြောင်းနဲ့ ဒီ ဒုက္ခသည် တွေကို ဘင်္ဂလားဒေ့ရှ်က လက်မခံ မချင်း တောင်ပြိုမှာ ထားမယ်လို့ ဦးခင်မောင်လွင်က ပြောပါတယ်။

ဘင်္ဂလားဒေ့ရှ် ဘက်ကတော့ အဲဒီလို ပြန်ခေါ်ဖို့ မဆောင်ရွက် ခင်မှာ ဒီလူတွေဟာ ဘင်္ဂလားဒေ့ရှ်က ဆိုတာ အသေ အချာ ဖြစ်ရေး စိစစ် ဖို့ လိုတယ်လို့ ဘင်္ဂလား ဒေ့ရှ် နယ်စပ် တပ်ဖွဲ့မှူး ဗိုလ်ချုပ် အဇိ အာမတ်က ဘီဘီစီကို ပြောပါတယ်။

ဒီအတွက် သူတို့ရဲ့ အသေးစိတ် အချက် အလက် အတိ အကျကို မြန်မာ အာဏာပိုင် တွေထံ တောင်း ဆိုထားကြောင်း ဗိုလ်ချုပ် အဇိ အာမတ်က ပြောပါတယ်။

တနင်္ဂနွေ နေ့တုန်း ကတော့ ဒီ ဒုက္ခသည် တွေကို သွားတွေ့ဖို့ တနေ့လုံး စောင့်ခဲ့ ပေမယ့် မြန်မာ ဘက်က ဘာမှာ တုံ့ပြန် အကြောင်း ကြားတာမျိုး မရှိဘူးလို့ သူက ပြောပါတယ်။