ရခိုင်မှာ လူကုန်ကူးသူတွေကို ရုံးတင် တရားစွဲ

Image caption မောင်တော မြို့နယ် တရားရုံးမှာ ရုံးတင် တရား စွဲဆိုကာ စစ်ဆေးဖို့ ရမန် ယူခဲ့ပြီ

မြန်မာ့ ရေပိုင်နက် အတွင်း ဖမ်းဆီး မိတဲ့ ဘင်္ဂလားဒေ့ရှ် လှေစီး ဒုက္ခသည် ၂၀၈ ယောက်ကို စက်လှေနဲ့ အတူ ဦးဆောင် သယ်လာ တယ်လို့ စွပ်စွဲ ခံထား ရတဲ့ မြန်မာ နိုင်ငံသား အယောက် ၂၀ ကို လူကုန် ကူးမှုနဲ့ တနင်္လာ နေ့က မောင်တော မြို့နယ် တရားရုံးမှာ ရုံးတင် တရား စွဲဆို ကာ စစ်ဆေးဖို့ ရမန် ယူခဲ့ပြီ ဖြစ်ပါတယ်။

အခု လူကုန် ကူးမှုနဲ့ အမှုဖွင့် တရား စွဲဆို ခံရသူ ၂၀ ထဲမှာ တနင်္သာရီ တိုင်းက ၁၂ ဦး၊ ဧရာဝတီ တိုင်းက ၂ ဦး၊ ရန်ကုန် တိုင်းက ၁ ဦးနဲ့ ရခိုင် ပြည်နယ် ဘက်က ၅ ဦး ဖြစ်ကြ တယ်လို့ သိရ ပါတယ်။

ဒီစွပ်စွဲ ခံထားရတဲ့ လူ ၂၀ ကို ဘင်္ဂလားဒေ့ရှ်က လှေစီး ဒုက္ခသည်တွေ နဲ့ အတူ မထားဘဲ သီးခြားစီ ခွဲထား ခဲ့ပြီး၊ တနင်္လာ နေ့ကမှ ပုဒ်မ နှစ်ခုနဲ့ တရား စွဲဆို ခဲ့တာ လို့ မောင်တောမြို့ တရားရုံး လွှတ်တော် ရှေ့နေ ဦးအောင်ကျော်ညွန့်က ပြောပါတယ်။

စွဲဆို ထားတဲ့ ပုဒ်မတွေ ကတော့ ကျွန် ရောင်းဝယ်မှုနဲ့ ပတ်သက်တဲ့ ပုဒ်မတွေ ဖြစ်တယ်လို့ ရှေ့နေက ဆိုပါတယ်။ ဒီအမှုကို မောင်တောမြို့နယ် တရားရုံး ကဘဲ ကိုင်တွယ်ပြီး ဆုံးဖြတ် သွားမယ် လို့လည်း သိရပါတယ်။

ဓာတ်ပုံ မူပိုင် MOI
Image caption ဘင်္ဂလားဒေ့ရှ် ကောင်စစ်ဝန်နဲ့ အဖွဲ့ တောင်ပြို လက်ဝဲ မြို့နယ်မှာ ဒုက္ခသည်တွေကို သွားရောက် စစ်ဆေး မေးမြန်း

မြန်မာ့ ရေပိုင်နက်မှာ အခုလို ဖမ်းဆီးမိ ထားတဲ့ လှေစီး ဒုက္ခသည်တွေ ကိုတော့ ဘင်္ဂလားဒေ့ရှ် ကောင်စစ်ဝန် မစ္စတာ မိုဟာမက် မာ ဘူဘာ ရာမန် ဟာ မောင်တော ခရိုင် တောင်ပြို လက်ဝဲ မြို့နယ်မှာ သွားရောက် စစ်ဆေး မေးမြန်း မှုတွေ ပြုလုပ်ခဲ့ ပါတယ်။

မြန်မာ နိုင်ငံ ဘက်ကတော့ ပြန်ပို့ နိုင်ရေး အတွက် လိုအပ် တာတွေကို အကုန် လုပ်ပေး ပြီးပြီ လို့ မြန်မာ နိုင်ငံခြားရေး ဝန်ကြီးဌာန အပြည်ပြည် ဆိုင်ရာ အဖွဲ့ အစည်း များနဲ့ စီးပွားရေး ဦးစီး ဌာန ခေတ္တ ညွှန်ကြားရေးမှူးချုပ် ဦးထင်လင်းက ပြောပါတယ်။

လာမယ့် မေလ ၂၉ ရက်နေ့ ကျရင် ထိုင်း နိုင်ငံမှာ ပြုလုပ်မယ့် ရွှေ့ပြောင်း သူများ ဆိုင်ရာ ၁၇ နိုင်ငံ အစည်း အဝေးကိုလည်း မြန်မာ နိုင်ငံ ဘက်က ခေတ္တ ညွှန်ကြားရေမှူးချုပ် ဦးထင်လင်း ကိုယ်တိုင် ဦးဆောင် တက်ရောက် မယ်လို့လည်း သိရပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ