မိုဘိုင်းဖုန်းခွန် တစ်နှစ်ရွှေ့

  • 27 မေ 2015
mobile tax ဓာတ်ပုံ မူပိုင် PA
Image caption ဖုံးသုံးသူတွေ တန်ဖိုးအပြည့် သုံးစွဲနိုင်တော့မည်။

မိုဘိုင်း တယ်လီဖုန်း သုံးစွဲမှုတွေ အပေါ် လာမယ့် ဇွန်လ ၁ ရက်နေ့က စလို့ ကုန်သွယ်လုပ်ငန်းခွန် ၅ ရာခိုင်နှုန်း ကောက်ယူမယ့် ကိစ္စကို တစ်နှစ် ရွှေ့ဆိုင်းထားဖို့ ပြည်ထောင်စု လွှတ်တော်က မေလ ၂၇ ရက် ဗုဒ္ဓဟူးနေ့မှာ ကန့်ကွက်သူ မရှိ အတည်ပြု ဆုံးဖြတ်လိုက်ပါတယ်။

မကြာခင် ရက်ပိုင်းက ၅ ရာခိုင်နှုန်း ကောက်ခံမယ့် ပြည်ထောင်စု အခွန်ကောက်ဥပဒေကို ပြင်ဆင်သည့် ဥပဒေကြမ်းအား အမြန်ဆုံး တင်သွင်းမည့် စကားရပ် အစား ဆိုင်းငံ့ထားရန် ပြောင်းလဲ အဆိုပြုခဲ့တာ ဖြစ်ပါတယ်။

အဆိုတင်သွင်းသူ ဦးသိန်းထွန်းဦးကတော့ အခွန်အခ ဥပဒေကို တစ်နှစ်ချင်း အလိုက် တင်သွင်းရတာကြောင့် အခြအနေကို ကြည့်ပြီး ဒီနှစ်မှာ မကောက်တော့ဖို့ ပြည်ထောင်စု လွှတ်တော်က ဆုံးဖြတ်လိုက်တာ ဖြစ်ကြောင်း၊ နောက်နှစ်အတွက် အခွန်ကောက်မယ့် စာရင်းမှာ ထပ်တင်ကောင်း တင်လာနိုင်ကြောင်း ပြောပါတယ်။

သက်ဆိုင်ရာ ဝန်ကြီးဌာန အနေနဲ့ နိုင်ငံတကာမှာလည်း အလားတူ ကောက်ခံမူ့တွေရှိတာအပြင် အခွန်ကောက်ဥပဒေ ပြဌာန်းချက်အတိုင်း ကောက်ခံရတာ ဖြစ်ပေမယ့် ပြည်ထောင်စုလွှတ်တော်ရဲ့ ဆုံးဖြတ်ချက်ကို နာခံပါမယ်လို့ ဆက်သွယ်ရေး သတင်းအချက်အလက်နဲ့ နည်းပညာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးသောင်းတင်က ပြောဆိုခဲ့ပါတယ်။

ဒီသတင်းဟာ ဖုန်းသုံးစွဲသူ ၂၈ သန်းအတွက်တော့ ဝမ်းသာစရာသတင်းဖြစ်ခဲ့ပါတယ်။ ပုသိမ်မြို့ ကဖုန်းအရောင်းဆိုင် ပိုင်ရှင် ကိုဟာဆန်က သူ့ဆိုင်မှာ တစ်ထောင်ကတ်ကို တစ်ကြိမ်တည်း မထည့်နိုင်လို့ နှစ်ရက်တစ်ခါ သုံးရက်တစ်ခါ လာထည့်နေရသူတွေ ရှိတဲ့ အတွက် သုံးစွဲသူတွေ ပြည့်ပြည့်ဝဝ ရ သွားမယ့် ဆုံးဖြတ်ချက်ကို ကြိုဆိုကြောင်း ပြောပါတယ်။

မိုဘိုင်းခေါ်ဆိုခတွေကို ကုန်သွယ်ခွန် ကောက်တော့မယ် ဆိုတဲ့ အစီအစဉ်ကို ကြေညာခဲ့ချိန်ကစလို့ ပြည်သူများကြားမှာ ကန့်ကွက်သံတွေ ပေါ်ထွက်လာခဲ့ပြီးချိန်မှာ ဒီကောက်ခံမူ့ကို ရပ်ဆိုင်းဖို့ ပြည်ထောင်စုလွှတ်တော်မှာ အရေးကြီး အဆိုတင်သွင်းခဲ့တာ ဖြစ်ပါတယ်။