NLD နဲ့ ၈၈ မျိုးဆက်အဖွဲ့ ကြေညာစာတမ်းထုတ်ပြန်

nld and 88 ဓာတ်ပုံ မူပိုင် AFP
Image caption NLD နဲ့ ၈၈ မျိုးဆက် အဖွဲ့ တို့ ဖွဲ့စည်းပုံ အခြေခံပြင်ဆင်ရေး လူထု လက်မှတ် စုဆောင်းပွဲ လုပ်စဉ် က

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် နဲ့ ၈၈မျိုးဆက်ငြိမ်းချမ်းရေးနဲ့ ပွင့်လင်း လူ့အဖွဲ့အစည်း အဖွဲ့တို့က သူတို့ပူးတွဲ ဆောင်ရွက်မယ့် နိုင်ငံရေး လုပ်ငန်းစဉ်တွေ ကို ထုတ်ပြန် ကြေညာလိုက်ပါတယ်။

၂၀၀၈ ခုနှစ်ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေး၊ ၂၀၁၅ ရွေးကာက်ပွဲ လွတ်လပ်ပြီးတရားမျှတမှုရှိရေး၊ ပြည်တွင်းငြိမ်းချမ်းရေး လုပ်ငန်းစဉ်တို့အတွက် အတူပူးပေါင်းဆောင်ရွက်ဖို့ သူတို့သဘောထား ကို ထုတ်ဖော်ပြောတာ ဖြစ်ပြီး ဒီမိုကရေစီ ဖက်ဒရယ် ပြည်ထောင်စု ပေါ်ထွန်းရေးအတွက် ကြိုးပမ်း ဆောင်ရွက်သွားမယ် လို့လည်း ကြေညာခဲ့ပါတယ်။

NLD အနေနဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ရေးနဲ့ပတ်သက်ပြီး ရွေးကောက်ပွဲမတိုင်မီ ပြင်ဆင်နိုင်ဖို့ကြိုးစားမှာ ဖြစ်သလို ရွေးကောက်ပွဲ ဝင်ပြီးအနိုင်ရချိန်မှာ လည်း ဆက်လက်ကြိုးပမ်းသွားမှာ ဖြစ်တယ် လို့ NLD ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင် တယောက် ဖြစ်တဲ့ ဦးဝင်းထိန်က ပြောပါတယ်။

၈၈မျိုးဆက်ငြိမ်းချမ်းရေးနဲ့ ပွင့်လင်းလူ့အဖွဲ့အစည်း အဖွဲ့က ခေါင်းဆောင် ကိုမင်းကိုနိုင် က သူတို့အနေနဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးနဲ့ပတ်သက်ပြီး ငြိမ်းချမ်းတဲ့နည်း နဲ့ လူထုအားလုံး ပါဝင်နိုင်မယ့် နည်းလမ်းတွေ ကိုသာ ရွေးချယ် လုပ်ကိုင်သွားမယ် လို့ဆိုပါတယ်။

အခု အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် နဲ့ ၈၈မျိုးဆက် ငြိမ်းချမ်းရေးနဲ့ ပွင့်လင်းလူ့အဖွဲ့အစည်း အဖွဲ့ တို့ရဲ့ထုတ်ပြန် ကြေညာချက်ဟာ အဆိုပါ အရေးတွေနဲ့ပတ်သက်ပြီး ၂ ဖွဲ့ ပူးပေါင်းဆောင်ရွက်မယ် ဆိုတဲ့ သဘောထားတွေ တွေ့ရပေမယ့် ဘာတွေ လုပ်ဆောင်မှာလဲ ဆိုတဲ့အပေါ်မှာ တော့ ရေရေရာရာ မရှိဘူးဆိုတဲ့ ဝေဘန်မှုတွေ လည်း ထွက်ပေါ်နေပါတယ်။