လော်ခီးလာ ညီလာခံကို RCSS/SSA တက်မှာ မဟုတ်

ဓာတ်ပုံ မူပိုင် AP
Image caption အစိုးရနဲ့ ရင်ကြားစေ့ရေးမူကို RCSSနဲ့ KNUတို့ လက်မှတ် ရေးထိုးထား

လာမယ့် ဇွန်လ ၂ရက်နေ့ကျရင် KNU ကရင် အမျိုးသား အစည်းအရုံး ဌာနချုပ် ရှိရာ လော်ခီးလာမှာ ကျင်းပမယ့် တိုင်းရင်းသား လက်နက်ကိုင်တွေရဲ့ ညီလာခံကို RCSS/SSA ရှမ်းပြည် ပြန်လည် ထူထောင်ရေး ကောင်စီ/ရှမ်းပြည် တပ်မတော် တက်ရောက်မှာ မဟုတ်ဘူးလို့ RCSS/SSA ပြောခွင့်ရ ပုဂ္ဂိုလ် ဗိုလ်မှူးကြီး စိုင်းလ က ဘီဘီစီကို ပြောပါတယ်။

ဒီလဆန်းပိုင်းမှာ RCSS/SSA ဗဟိုဌာနချုပ်မှာ ၆လပတ် အစည်းအဝေး ရှိနေသလို စစ်သင်တန်း ဆင်းပွဲတွေလည်း ရှိနေတဲ့အတွက် မအားလပ်တာကြောင့် မတက်နိုင်တာလို့ ဆိုပါတယ်။

နောက်တခုက ဒီညီလာခံဟာ တနိုင်ငံလုံး အပစ်အခတ် ရပ်စဲရေး နဲ့ပတ်သက်လို့ NCCT ညှိနှိုင်းရေးအဖွဲ့နဲ့ UPWC အစိုးရ ညှိနှိုင်းရေး အဖွဲ့တို့ အကြား သဘောတူခဲ့တဲ့ တနိုင်ငံလုံး အပစ်ရပ်ရေး မူကြမ်း ကို NCCT အဖွဲ့ဝင် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ ထိပ်သီး ခေါင်းဆောင်တွေထံ ချပြတဲ့ အစည်းအဝေး ဖြစ်တာကြောင့် RCSS/SSA နဲ့ တိုက်ရိုက် မပတ်သက်ဘူးလို့လည်း ဗိုလ်မှူးကြီး စိုင်းလက ပြောပါတယ်။

ဒီမူကြမ်းအပေါ် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့ ထိပ်သီးခေါင်းဆောင်တွေက ဘယ်လို သဘောထားကြသလဲ ဆိုတာကို စောင့်ကြည့်သွားမှာ ဖြစ်ပြီး ဗဟိုမှာ တင်ပြဆွေးနွေး သွားမယ်လို့လည်း ဆိုပါတယ်။

RCSS/SSA ရှမ်းပြည် ပြန်လည် ထူထောင်ရေး ကောင်စီ/ရှမ်းပြည် တပ်မတော်ဟာ NCCT အဖွဲ့ဝင် မဟုတ်ပါဘူး။

လော်ခီးလာ ညီလာခံကို UWSA ဝပြည် သွေးစည်း ညီညွတ်ရေး အဖွဲ့ကလည်း မတက်ရောက်ဘူးလို့ သိရပါတယ်။