ဒေသတွင်းပြဿနာ ဖြစ်လာနေတဲ့ လှေစီးဒုက္ခသည်များ

  • 2 ဇွန် 2015
ဓာတ်ပုံ မူပိုင် royal thai army
Image caption ထိုင်း ဒုတိယ ဗိုလ်ချုပ်ကြီး မာနတ်တ် ခေါ်န်ပန် ကို လူကုန်ကူးမှုနဲ့ ဖမ်းဝရမ်း ထုတ်

လှေစီးပြေး ဒုက္ခသည် တွေရဲ့ပြဿနာဟာ မလေးရှား၊ အင်ဒိုနီးရှား၊ ထိုင်းနိုင်ငံ၊ ဘင်္ဂလားဒေ့ရှ် နဲ့ မြန်မာ နိုင်ငံ တို့ကို ရိုက်ခတ် နေတာ ဖြစ်ပြီး၊ တနိုင်ငံ ချင်းစီရဲ့ ပြဿနာ အဆင့်ကို ကျော်လွန်ကာ အာရှ ဒေသတွင်း ပြဿနာ ဖြစ်လာနေ ပါတယ်။

အခု ဆိုရင် ရွှေ့ပြောင်း ဒုက္ခသည် တွေကို လူကုန်ကူးမှု နဲ့ ပတ်သက်ပြီး ထိုင်း နိုင်ငံ တောင်ပိုင်း ပြည်နယ် တရားရုံး တခု ကနေ ထိုင်း ဒုတိယ ဗိုလ်ချုပ်ကြီး တယောက် အပါ အဝင် လူပေါင်း ၈၀ ကျော် ကို ဖမ်းဝရမ်း ထုတ်လိုက် ပါတယ်။

အခုလို ဖမ်းဝရမ်း ထုတ်ခံ ရတဲ့ ဒုတိယ ဗိုလ်ချုပ်ကြီး မာနတ်တ် ခေါ်န်ပန် ကတော့ သူ့ အနေနဲ့ တရားမျှ တမှုကိုသာ လိုလားပါတယ်။ သက်ဆိုင်ရာ အရာရှိ တွေနဲ့ ပူးပေါင်း ဆောင်ရွက်သွားမယ်၊ တရားရုံးက ဘယ်လိုပဲ ဆုံးဖြတ်ချက် ချချ တရားရုံးရဲ့ အဆုံး အဖြတ်ကို ခံယူ သွားပါ့ မယ်လို့ ဆိုပါတယ်။

သူဟာ လူကုန် ကူးမှုနဲ့ သံသယ အဖြစ်ခံရ သူတွေ အနက်မှာ ရာထူး အမြင့်ဆုံး စွပ်စွဲ ခံရသူလည်း ဖြစ်ပါတယ်။

တချိန်တည်း မှာပဲ ထိုင်းနိုင်ငံ အတွင်းက လှေစီးပြေး ဒုက္ခသည် စခန်း အတွင်း မှာလည်း အစား အသောက် ကိစ္စ မူဆလင် ဘာသာ ထုံးစံ ဝတ်ပြု ဆုတောင်းခွင့် မရလို့ ဆိုတဲ့ ကိစ္စ တွေကို အကြောင်းပြုပြီး ဆန္ဒပြမှုတွေ ဖြစ်ပွားခဲ့ ပါတယ်။ မလေးရှား၊ အင်ဒိုနီးရှားတို့ ကလည်း ဒုက္ခသည်တွေကို ယာယီ ခိုလှုံခွင့် ပြုထားကြရ ပါတယ်။

ထိုင်း၊ မလေးရှား၊ အင်ဒိုနီးရှား နိုင်ငံတို့ ကတော့ ဒုက္ခသည်တွေ ဝင်ရောက်ရာ နိုင်ငံတွေ ဖြစ်ပြီး ဒုက္ခသည်တွေ အဓိက ထွက်ခွာရာ နိုင်ငံတွေ ကတော့ မြန်မာနဲ့ ဘင်္ဂလားဒေ့ရှ် နိုင်ငံတို့ ဖြစ်ကြ ပါတယ်။

ဓာတ်ပုံ မူပိုင် MOI
Image caption ဒုက္ခသည် အားလုံးရဲ့ ၃၀ ရာနှုန်း လောက်သာ ဘင်္ဂလား ဒေ့ရှ် ကလို့ ဘင်္ဂလားဒေ့ရှ် ဘက်က ပြောပါတယ်

ဘင်္ဂလားဒေ့ရှ် နိုင်ငံက နိုင်ငံခြားရေး ဝန်ကြီး ဌာန အတွင်းဝန် မစ္စတာ မိုဟာမက် ရှာဟီဒူးလ် ဟက်က် က တနင်္လာ နေ့က သတင်းစာ ရှင်းလင်းပွဲ ပြုလုပ် ပြောကြား ခဲ့ ရာမှာတော့ ဒုက္ခသည် အားလုံး အနက် ၃၀ ရာနှုန်း ကသာ သူတို့ ဘင်္ဂလားဒေ့ရှ် နိုင်ငံက ဖြစ်တယ်လို့ ဆိုပါတယ်။

အဲဒီ ၃၀ ရာနှုန်းဟာ အမှန် တကယ် ဘင်္ဂလားဒေ့ရှ် နိုင်ငံက ဟုတ်မဟုတ် စစ်ဆေးတဲ့ လုပ်ငန်းစဉ်ဟာ အချိန် ၁ လကြာမြင့်မှာ ဖြစ်ပြီး သူ့ နိုင်ငံသားတွေ ဟုတ်မှန် ကြောင်း တွေ့ရှိရင် ပြန်လက်ခံ မယ်လို့ ဆိုပါတယ်။

ရခိုင်ပြည်နယ် အစိုးရ အဖွဲ့ အတွင်းရေးမှူး ဦးတင်မောင်ဆွေ ကတော့ ဒီလှေစီး ဒုက္ခသည် ၈၀ ရာခိုင်နှုန်း ကျော်ဟာ ဘင်္ဂလားဒေ့ရှ် နိုင်ငံက ဖြစ်ကြောင်း ဘီဘီစီ ကို ပြောပါတယ်။

မြန်မာ့ ရေပိုင်နက် ထဲမှာ ကယ်တင် ခဲ့တဲ့ လူပေါင်း ၂၀၀ ကျော်နဲ့ နောက်ထပ် လူပေါင်း ၇၂၇ ယောက် တို့ဟာ ဘင်္ဂလားဒေ့ရှ် နိုင်ငံက ဖြစ်တယ်လို့ မြန်မာ အစိုးရက ပြောပါတယ်။

အခုနောက်ဆုံး ဖမ်းဆီး ရမိတဲ့ ဒုက္ခသည် ၇၂၇ ယောက်ကို ဟိုင်းကြီးကျွန်း အနီး ပင်လယ် ပြင်မှာ ခေါ်ယူ ထားပြီး ရေနဲ့ စားနပ် ရိက္ခာ ထောက်ပံ့ ထားတယ်လို့ ဆိုပါတယ်။ သူတို့ကို သူတို့ မူလ ထွက်ခွာလာရာ ဒေသကို ပြန်ပို့မယ်လို့ မြန်မာ အစိုးရ ဘက်က ဆိုပါ တယ်။

ဘင်္ဂလားဒေ့ရှ် နိုင်ငံ ကတော့ လှေစီးပြေး ဒုက္ခသည် တွေထဲမှာ မိန်းမနဲ့ ကလေးငယ် တွေပါ ပါဝင်ကြတဲ့ အတွက် အဲသလို လူတွေ ကတော့ စီးပွားရေး ဒုက္ခသည် မဖြစ်နိုင် ဘူးလို့ သံသယ ရှိကြောင်း ပြောပါတယ်။