စာရေးဆရာ ဦးထင်လင်းဦး ထောင် ၂ နှစ်ကျ

  • 2 ဇွန် 2015
U Htin Lin oo
Image caption ထောင်ဒဏ် ချမှတ်ခံရပေမဲ့ မရှုံးဘူးလို့ ဦးထင်လင်းဦးဆို

အန်အယ်လ်ဒီ ပြန်ကြားရေး အဖွဲ့ဝင်ဟောင်း ဖြစ်သူ စာရေးဆရာ ဦးထင်လင်းဦးကို ဘာသာ သာသနာ အကြည်ညို ပျက်စေမှု ပုဒ်မ ၂၉၅ က နဲ့ ချောင်းဦးမြို့နယ် တရားရုံးက ဇွန်လ ၂ ရက်နေ့က အလုပ်ကြမ်းနဲ့ ထောင်ဒဏ် ၂ နှစ်ချမှတ်လိုက် ပါတယ်။

ဦးထင်လင်းဦးက သူ ထောင်ချခံရမပေမဲ့ ဘာသာရေး လူမျိုးရေး မုန်းတီးမှုတွေရဲ့ နောက်နောက်မှာ ဘယ်သူတွေ ရှိတွေ ဆိုတာ မြန်မာ တစ်နိုင်ငံလုံး နီးပါး သိအောင် ထောက်ပြနိုင် လိုက်တဲ့ အတွက် သူမရှုံးဘူးလို့ တရားရုံးမှာ ပြောခဲ့ပါတယ်။

နိုင်ငံတွင်းမှာ ရှိတဲ့ နိုင်ငံသား အားလုံးရဲ့ ချစ်ကြည် ငြိမ်းချမ်းရေး၊ ဘာသာ တရား အားလုံးရဲ့ မျှတစွာ ကိုးကွယ် ယုံကြည်ခွင့် တို့ အတွက် တိုက်ပွဲဝင် ခဲ့တာ ဖြစ်တယ်လို့လည်း သူက ပြောပါတယ်။

အမှုရုံးချိန်းရှိတဲ့ ချောင်းဦးမြို့နယ် တရားရုံးထဲမှာ လုံခြုံရေး ထူထူထပ်ထပ်ချထားပြီး ဦးထင်လင်းဦးကို ထောက်ခံသူတွေအပြင် အမျိုးဘာသာ သာသနာ စောင့်ရှောက်ရေး အဖွဲ့က သံဃာတော်တွေ ၊ သီလရှင်တွေနဲ့ လူတွေပါ တရားရုံးကို လာရောက် နားထောင်ခဲ့ကြ ပါတယ်။

စာရေးဆရာ ဦးထင်လင်းဦးဟာ ၂၀၁၄ အောက်တိုဘာ ၂၃ ရက်နေ့က ချောင်းဦးမြို့နယ် သုံးပန်လှ ရွာက စာပေ ဟောပြောပွဲမှာ ရဟန်း သံဃာတချို့ရဲ့ ဟောပြောချက်တွေကို ထောက်ပြ ဝေဖန်ခဲ့လို့ အမျိုး ဘာသာ သာသနာ စောင့်ရှောက်ရေး အဖွဲ့က ကန့်ကွက်ခဲ့ပြီးတဲ့နောက် အခုလို ထောင်ဒဏ် အပြစ်ပေးခံရတာ ဖြစ်ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ