လှေစီးပြေးတွေကို ရခိုင်မှာ ယာယီထား

  • 3 ဇွန် 2015
Boat People ဓာတ်ပုံ မူပိုင် MOI
Image caption မြန်မာ့ ရေပြင်ပိုင်နက်မှာ တစ်ပါတ် အတွင်း လှေစီးပြေး တွေ ၂ ကြိမ် ဖမ်းမိ

ဧရာဝတီတိုင်း ဖျာပုံမြို့နယ် ကမ်းလွန် ပင်လယ်ပြင်မှာ မေလ ၂၉ ရက်နေ့က ဖမ်းဆီးမိခဲ့တဲ့ လှေစီး ဒုက္ခသည် ၇၀၀ ကျော်ကို မြန်မာ အစိုးရက ရခိုင်ပြည်နယ်မှာ ယာယီ လက်ခံ ထားပါတယ်။

မြန်မာ့ ရေပြင်ပိုင်နက်မှာ လှေစီးပြေးတွေကို တစ်ပါတ်အတွင်း ဒုတိယ အကြိမ် ဖမ်းမိခဲ့တဲ့ အဲဒီ လူ ၇၀၀ ကျော်ဟာ ဇွန်လ ၃ ရက်နေ့က တောင်ပြို လက်ဝဲနဲ့ အနီးက ယာယီ စခန်းတွေကို ရောက်ရှိ လာတာဖြစ်ပါတယ်။

သူတို့ထဲက အမျိုးသမီးနဲ့ ကလေးတွေကို စခန်းတခုမှာ ထားပြီး နောက်လူတွေ ကိုတော့ အဲဒီမြို့ မြောက်ဘက် က နယ်စပ်မိုင်တိုင် ၃၇ နားမှာ နေရာချ ထားတယ်လို့ နိုင်ငံခြားရေး ဝန်ကြီးဌာန အပြည်ပြည် ဆိုင်ရာ အဖွဲ့အစည်းများနဲ့ စီးပွားရေး ဦးစီးဌာန ခေတ္တ ညွှန်ကြားရေးမှူးချုပ် ဦးထင်လင်း က ပြောပါတယ်။

ဘင်္ဂလားဒေ့ရှ် နိုင်ငံဘက်က စိစစ်ပြီး သူတို့ နိုင်ငံသားတွေကို ပြန်ခေါ်တဲ့ အခါ လွယ်ကူ အဆင်ပြေစေဖို့ နှစ်နိုင်ငံ အနီးဆုံး နေရာ ဖြစ်တဲ့ ရခိုင်ပြည်နယ် မောင်တော မြို့နယ် အတွင်းက တောင်ပြို လက်ဝဲ မြို့ အနီးမှာ ထားရှိတယ်လို့ သူက ပြောပါတယ်။

သူတို့ကို စိစစ်ပြီး နေရပ်ရင်းကို ပြန်လည် ပို့ဆောင် ပေးရေးနဲ့ ပတ်သက်လို့လည်း ဘင်္ဂလားဒေ့ရှ် နဲ့ ညှိနှိုင်း ဆောင်ရွက်နေတယ်လို့ ဆိုပါတယ်။

ဒါပေမဲ့ ဒီလူတွေ ဘယ်နိုင်ငံက လာတယ်၊ ဘယ်နိုင်ငံသားတွေ ဖြစ်တယ် ဆိုတာ တွေကို မြန်မာ နိုင်ငံ လူဝင်မှု ကြီးကြပ်ရေးဌာနက တာဝန်ရှိသူတွေ၊ ရန်ကုန်မြို့ ဘင်္ဂလားဒေ့ရှ် သံရုံးနဲ့ စစ်တွေက ဘင်္ဂလားဒေ့ရှ် ကောင်စစ်ဝန်ရုံး ကိုယ်စားလှယ် အဖွဲ့တို့ ပူးပေါင်းပြီး စိစစ်ရေးတွေကို ဇွန်လ ၄ ရက်နေ့မှာ စတင် ပြုလုပ်ကြမှာ ဖြစ်တယ်လို့ ဦးထင်လင်း က ပြောပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ