လှေစီးပြေး ၁၅၀ ကို ပြန်ခေါ်မယ်လို့ ဘင်္ဂလားဒေ့ရှ်ပြော

Foreign Diplomats
Image caption နိုင်ငံခြား သံတမန်တွေကို နိုင်ငံခြားရေး ဝန်ကြီး ရှင်းလင်း

မြန်မာ့ ရေပြင် ပိုင်နက် အတွင်း မေလ ၂၁ ရက်က ဖမ်းမိတဲ့ လှေစီးပြေး ၂၀၀ ကျော်ထဲကို ကနဦး စိစစ်မှု အရ အဲဒီထဲက ၁၅၀ ဟာ ဘင်္ဂလားဒေ့ရှ် နိုင်ငံသားတွေ ဖြစ်ကြောင်း မြန်မာနိုင်ငံ ဆိုင်ရာ ဘင်္ဂလားဒေ့ရှ် သံအမတ်ကြီးက ပြောပါတယ်။

မြန်မာနိုင်ငံမှာ ဖြစ်ပေါ်နေတဲ့ နိုင်ငံရေး အခြေ အနေတွေနဲ့ ပတ်သက်ပြီး မြန်မာနိုင်ငံခြားရေးဝန်ကြီး ဦးဝဏ္ဏမောင်လွင်က နိုင်ငံတကာ သံတမန်တွေနဲ့ ကုလသမဂ္ဂ ကိုယ်စားလှယ် တွေကို ဖိတ်ခေါ် ရှင်းလင်းပွဲမှာ ဘင်္ဂလားဒေ့ရှ် သံအမတ်ကြီးက ပြောခဲ့တာပါ။

မြန်မာ နိုင်ငံမှာ တွေ့ရတဲ့ လှေစီးပြေးတွေ ထဲမှာ သူ့နိုင်ငံသားတွေ ပါရင် ပြန်ခေါ်မယ်လို့လည်း ဘင်္ဂလားဒေ့ရှ် သံအမတ်ကြီးက ဆိုပါတယ်။

ဦးဝဏ္ဏမောင်လွင် ကတော့ လှေစီးဒုက္ခသည် တွေကို ပြန်ပို့ရေး အစီအစဉ်တွေ အကြောင်း အဓိက ပြောခဲ့ပြီး မြန်မာ နိုင်ငံဟာ ဖွံ့ဖြိုးဆဲနိုင်ငံဖြစ်လို့ ဒီဒုက္ခသည်တွေ အားလုံးကို ရှေရှည် စောင့်ရှောက် ကျွေးမွေး မထားနိုင်ကြောင်းနဲ့ စိစစ်ရေး လုပ်ငန်းတွေပြီး သွားရင် သက်ဆိုင်ရာ နိုင်ငံနဲ့ ပူးပေါင်းပြီး ပြန်ပို့မယ်လို့ ပြောပါတယ်။

ဗြိတိန် သံအမတ်ကြီး ကတော့ ရခိုင်ပြည်နယ် ဒုက္ခသည် စခန်းထဲက လူတွေ ခရီးသွားလာခွင့် ပိတ်ပင်ခံ ထားရတဲ့ အခြေ အနေကို မေးမြန်းခဲ့ရာမှာ ၁၉၈၂ နိုင်ငံ သားဥပဒေနဲ စိစစ်မှုတွေလုပ်နေတယ် လို့ မြန်မာအစိုးရက ဘက်က ပြန်ဖြေခဲ့ပါတယ်။

ဘင်္ဂလားဒေ့ရှ် နိုင်ငံကလို့ ပြောတဲ့ လှေစီး ဒုက္ခသည်တွေကို မြန်မာ ရေပိုင်နက် ထဲမှာ အခုလို အများအပြား တွေ့ရတာနဲ ပတ်သက်လို့ သံသယ ဖြစ်ရတယ်လို့ ဘင်္ဂလားဒေ့ရှ် သံအမတ်က ပြောခဲ့ပြီး ဒီလှေစီး ဒုက္ခသည်တွေနဲ့ ပတ်သက်လို့ အသေအချာ စိစစ်ဖို့ နဲ့ ဘာကြောင့် ဒီလိုဖြစ်လာတယ် ဆိုတာ ဒေသတွင်း နိုင်ငံတွေ ပူးပေါင်း အဖြေရှာဖို့ ပြောခဲ့ ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ