ငါးဖမ်းခွင့် ၃လ ပိတ်တာကို ပြန်ခွင့်ပြုလိုက်

  • 4 ဇွန် 2015
ဓာတ်ပုံ မူပိုင် AFP
Image caption ငါးဖမ်းခွင့် ပိတ်ပင်ထားမှုကြောင့် ငါးလုပ်ငန်းနဲ့ ဆက်စပ်နေသူတွေအတွက် အခက်အခဲတွေ တွေ့

မြန်မာ့ ပိုင်နက် ပင်လယ်ပြင်မှာ ငါးဥ ဥချိန် ကာလအတွင်း ငါးဖမ်းခွင့် (၃) လကြာ ပိတ်ပင်ထားရာကနေ ငါးဖမ်းသင်္ဘော အစီးရေ တဝက်လောက်ကို ငါးဖမ်းခွင့် ပြန်လည် ခွင့်ပြုလိုက်ပါတယ်။

အရင်က ငါးဖမ်းခွင့်ကို နှစ်စဉ် ရာခိုင်နှုန်းလောက်ပဲ လျှော့ချလေ့ ရှိရာကနေ ဒီနှစ်မှာတော့ ဇွန်၊ ဇူလိုင်၊ သြဂုတ် ၃လတာ ကာလအတွင်း ပင်လယ်ပြင်မှာ ငါးမဖမ်းကြဖို့ လွှတ်တော်မှာ ဆုံးဖြတ်ထားခဲ့ရာမှာ မြန်မာနိုင်ငံ ငါးလုပ်ငန်းအသင်းရဲ့ တင်ပြချက်ကြောင့် လက်ရှိ ငါးဖမ်း သင်္ဘော ၂၅၀၀ ကျော်ထဲက သင်္ဘော အစီးရေ ၁၀၀၀ကျော်ကို မူလ ငါးဖမ်း လုပ်ကွက်အတိုင်း ငါးဖမ်းဖို့ မွေးမြူရေး၊ ရေလုပ်ငန်းနဲ့ ကျေးလက် ဝန်ကြီးဌာနက ခွင့်ပြုလိုက်တာ ဖြစ်ပါတယ်။

ငါးဖမ်းခွင့် ပိတ်ပင်ထားမှုကြောင့် ငါးဖမ်းသမားတွေ၊ ငါးလုပ်ငန်းနဲ့ ဆက်စပ် အသက်မွေး ဝမ်းကြောင်းနေသူတွေ၊ ဆိပ်ကမ်း လုပ်သားတွေမှာ အခက်အခဲတွေ ကြုံတွေ့လာရတဲ့အတွက် အတိုင်းအတာ တခုအနေနဲ့ ငါးဖမ်းခွင့် ပြုသင့်တယ် ဆိုပြီး အခုလို ခွင့်ပြုလိုက်တာလို့ ငါးလုပ်ငန်း အဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးဝင်းကြိုင်က ဘီဘီစီကို ပြောပြပါတယ်။

ငါးဥ ဥနေချိန်မှာ ငါးမဖမ်းကြဖို့ အမိန့်ထုတ်တာ လွယ်ပေမယ့် ငါးမဖမ်းရ ကာလမှာ ငါးလုပ်ငန်းနဲ့ အသက်မွေး ဝမ်းကြောင်းနေသူတွေရဲ့ စားဝတ်နေရေးကို ဘယ်လို ဆောင်ရွက်ပေးမလဲ ဆိုတာ သိပ်အရေးကြီးကြောင်း၊ မြန်မာနိုင်ငံရဲ့ အခြေအနေအရ ပင်လယ်ပြင် သယံဇာတတွေကို ထိန်းသိမ်း စောင့်ရှောက်ရေး အပိုင်းတွေမှာ ငွေမသုံးနိုင်တာတွေ ရှိနေပြီး တိုးတက်တဲ့ နိုင်ငံတွေရဲ့ အကူအညီကို ယူပြီး ဆောင်ရွက်မှ အောင်မြင်နိုင်မှာ ဖြစ်ကြောင်း သူက ပြောပါတယ်။

မြန်မာနိုင်ငံ ငါးလုပ်ငန်း ဦးစီး ဌာနနဲ့ နော်ဝေ သုတေသန အဖွဲ့တို့ လုပ်ခဲ့တဲ့ လေ့လာမှုတွေ အရ မြန်မာ့ ပင်လယ်ပြင်မှာ ရေပေါ်ပိုင်း ငါးသယံဇာတက ၁၁ ရာခိုင်နှုန်းနဲ့ ရေအောက် ကြမ်းပြင် ငါးသယံဇာတက ၃၅ ရာခိုင်နှုန်းပဲ ရှိတော့ပြီး ကျက်စားနေတဲ့ ငါး အရင်းအမြစ်တွေ အတော် လျော့သွားတာ တွေ့ရကြောင်း ဦးဝင်းကြိုင်က ပြောပါတယ်။