နယ်စပ် ဖြတ်ကျော် မှုခင်းကိစ္စ ထိုင်း မြန်မာ ဆွေးနွေး

Image caption နယ်စပ် ဖြတ်ကျော် ရာဇဝတ်မှုတွေ နှိမ်နင်းရေးအတွက် ထိုင်းနဲ့ မြန်မာ အာဏာပိုင်တွေ ဆွေးနွေး

AEC အာဆီယံ စီးပွားရေး အသိုက်အ၀န်း စနစ်ကို ၂၀၁၆ ခုနှစ်မှာ စတင် ကျင့်သုံး တော့မှာ ဖြစ်တဲ့အတွက် အဲဒီအချိန်မှာ ပေါ်ပေါက်လာနိုင်တဲ့ နိုင်ငံတကာ နယ်စပ် ဖြတ်ကျော် ရာဇဝတ်မှုတွေနဲ့ ပတ်သက်လို့ ထိုင်းနဲ့ မြန်မာ နှစ်နိုင်ငံ နယ်စပ်မှာ ပူးပေါင်း နှိမ်နင်း ဆောင်ရွက်ဖို့အတွက် ထိုင်းနိုင်ငံ တာ့ခ်ခရိုင်နဲ့ မြန်မာနိုင်ငံ မြ၀တီခရိုင် အာဏာပိုင်တွေ အကြား ညှိုနှိုင်း ဆွေးနွေး နေကြပါတယ်။

အဲဒီ ဒေသတွေ ပြီးရင် ထိုင်း၊ မြန်မာ နယ်စပ်တလျှောက်က နယ်စပ်ဂိတ်တွေ အပြင် ကမ္ဘောဒီးယားနဲ့ လာအို နယ်စပ်တွေမှာပါ ဆောင်ရွက်သွားမယ်လို့ သိရပါတယ်။

မဲဆောက်မြို့ Centra Mae Sot Hill ဟိုတယ်မှာ ဇွန်လ ၄ရက်နေ့က စပြီး ၂ ရက်ကြာ ကျင်းပမယ့် အဲဒီဆွေးနွေးပွဲကို ထိုင်းနိုင်ငံခြားရေး ၀န်ကြီးဌာနက ကြီးမှုးကျင်းပတာ ဖြစ်ပါတယ်။

AEC အာဆီယံ စီးပွားရေး အသိုက်အ၀န်း စနစ်ကို စတင် ကျင့်သုံးတဲ့ အချိန်မှာ နိုင်ငံတကာက စီးပွားရေး လုပ်ငန်းတွေနဲ့ ရင်းနှီးမြှုပ်နှံသူတွေ ဒီဒေသထဲ ရောက်လာတဲ့အခါ မသမာသူတွေလည်း အတူ ပါလာနိုင်တဲ့အတွက် ဒီပြဿနာတွေ၊ ရာဇဝတ်မှုတွေကို နယ်စပ်တွေမှာ နှစ်နိုင်ငံကြား ပူးပေါင်း ဖြေရှင်းကြဖို့ အခုကတည်းက ညှိုနှိုင်း ဆောင်ရွက်နေတာပါ။

မဲဆောက်မြို့ဟာ အထူးစီးပွားရေးဇုံ ဖြစ်ကြောင်း၊ စီးပွားရေး တိုးတက်လာတာနဲ့ အမျှ၊ ဆက်သွယ်ရေး၊ သွားလာရေးတွေလည်း တိုးတက်လာနေတဲ့အတွက် အခွင့်အရေး သမားတွေက ဒီအချက်တွေအပေါ် အမှီပြု ဝင်လာပြီး ရာဇ၀တ်မှုတွေ ကျူးလွန်လာနိုင်ကြောင်း၊ အဲဒီလို အခါမျိုးမှာ ပြည်တွင်း ဥပဒေကိုသာ ကျင့်သုံးနေကျ ဒေသတွင်း ဥပဒေရေးရာ ၀န်ထမ်းတွေအနေနဲ့ အဲဒီလို လူတွေအပေါ် နိုင်ငံတကာ ဥပဒေနဲ့အညီ အရေးယူ ဆောင်ရွက်နိုင်အောင် မဲဆောက် မြဝတီ အကြား နယ်စပ်ဒေသမှာ ရွေးချယ်ပြီး အစပြု ဆွေးနွေးရတာ ဖြစ်ကြောင်း ထိုင်းနိုင်ငံခြားရေး ၀န်ကြီးဌာန ဥပဒေ ရေးရာ အထူးကျွမ်းကျင်သူ နိုင်ပရာဝိသ် ရွိုင်ကဲယောက်က ပြောသွားပါတယ်။

နှစ်နိုင်ငံကြား ပူးပေါင်း ဆောင်ရွက်မှုနဲ့ ပတ်သက်လို့ တနိုင်ငံနဲ့ တနိုင်ငံ စနစ် မတူတာ ကြောင့် အစပိုင်းမှာ အခက်အခဲ ရှိနိုင်ပေမယ့် လုပ်ရင်းကိုင်ရင်းနဲ့ တဖက်နဲ့ တဖက် လုပ်နည်း၊ လုပ်ဟန်တွေကို နားလည်လာမှာ ဖြစ်တယ်လို့ သူက ပြောပါတယ်။

တာ့ခ်ခရိုင်က ထိုင်းဌာနဆိုင်ရာ တွေကတော့ ရွှေ့ပြောင်း အလုပ်သမားကိစ္စ၊ လူကုန်ကူးမှုနဲ့ မူးယစ်ဆေးဝါး ကိစ္စတွေနဲ့ ပတ်သက်လို့ သူတို့ ဆောင်ရွက်ထားပုံတွေကို အဲဒီ ဆွေးနွေးပွဲမှာ တင်ပြခဲ့ကြပါတယ်။

ဒီဆွေးနွေးပွဲကို တက်ရောက်လာတဲ့ မြန်မာ ကိုယ်စားလှယ်အဖွဲ့ ခေါင်းဆောင်၊ မြ၀တီခရိုင် ရဲမှူးကြီး၊ ဒုရဲမှူးကြီး မိုးညိုက AEC မတိုင်မှီ မြန်မာနိုင်ငံဖက်မှာလည်း ပြင်ဆင်မှုတွေ လုပ်နေကြောင်း၊ ရွှေ့ပြောင်း အလုပ်သမား ပြဿနာနဲ့ ပတ်သက်လို့ မြန်မာနိုင်ငံတွင်းမှာ အလုပ်အကိုင်တွေ ရအောင် ကြိုးစား လုပ်ဆောင်နေသလို ပြည်ပကို သွားတဲ့ ရွှေ့ပြောင်း အလုပ်သမားတွေ အနေနဲ့လည်း တရားဝင် အလုပ်သမားတွေ ဖြစ်အောင်၊ ထိုင်းနဲ့ပဲ ဖြစ်ဖြစ်၊ သွားရောက်တဲ့ နိုင်ငံတွေနဲ့ အကောင်းဆုံး ဖြစ်အောင် ပေါင်းစပ် ညှိုနှိုင်း ဆောင်ရွက်သွားမှာ ဖြစ်ကြောင်း ပြောသွားပါတယ်။

အခု မဲဆောက်မှာ ဆွေးနွေးပွဲတွေ ပြီးရင်၊ ထိုင်းဖက် မယ်ဆိုင်နဲ့ မြန်မာဖက် တာချီလိတ်၊ ထိုင်းဖက် ဆန်ခရဘူရီနဲ့ မြန်မာဖက် ဘုရားသုံးဆူ၊ ထိုင်းဖက် ပရကျူ၀ပ်နဲ့မြန်မာဖက် မောတောင်၊ ထိုင်းဖက် ရနောင်းနဲ့ မြန်မာဖက်ခြမ်း ကော့သောင်တွေမှာပါ ဆွေးနွေးပွဲတွေ ဆက်လက် ကျင်းပသွားမှာ ဖြစ်သလို၊ ကမ္ဘောဒီးယားနဲ့ လာအို နယ်စပ်တွေမှာလည်း ကျင်းပ ဆောင်ရွက်သွားမယ်လို့ ထိုင်း နိုင်ငံခြားရေး ၀န်ကြီးဌာန ဥပဒေရေးရာ အထူးကျွမ်းကျင်သူ နိုင်ပရာဝိသ် ရွိုင်ကဲယောက်က ပြောပါတယ်။