အမေရိကန် မြန်မာ ဆက်ဆံရေး ရွေးကောက်ပွဲပေါ် မူတည်

  • 5 ဇွန် 2015
ဓာတ်ပုံ မူပိုင် AP
Image caption Mitch McConnellဟာ မြန်မာနိုင်ငံအရေးနဲ့ ပတ်သက်လို့ အမေရိကန် လွှတ်တော်တွင်းမှာ တက်တက်ကြွကြွ လှုပ်ရှား တောင်းဆိုခဲ့

မြန်မာနိုင်ငံမှာ မကြာခင် ကျင်းပဖို့ ရှိတဲ့ ရွေးကောက်ပွဲဟာ ပြည်သူ့ဆန္ဒကို ထင်ဟပ်တဲ့ ရွေးကောက်ပွဲ ဖြစ်မလာဘူး ဆိုရင်တော့ အမေရိကန်နဲ့ မြန်မာ ပုံမှန် ဆက်ဆံရေးတွေ ထပ်တိုးလုပ်ဖို့ အခက်အခဲတွေ ရှိလာလိမ့်မယ်လို့ အမေရိကန် ဆီးနိတ် လွှတ်တော်အမတ် Mitch McConnell က ထုတ်ဖော် ပြောကြားလိုက်ပါတယ်။

ရွေးကောက်ပွဲမှာ ချို့ယွင်း အားနည်းချက်တွေ ရှိခဲ့မယ် ဆိုရင်တော့ အမေရိကန် မြန်မာ စီးပွားရေး ဆက်ဆံရေးတွေ၊ စစ်တပ်အချင်းချင်း ဆက်ဆံရေးတွေမှာ အဟန့်အတားတွေ ဖြစ်လာလိမ့်မယ်လို့ ကြာသပတေးနေ့က ဆီးနိတ် လွှတ်တော် အစည်းအဝေးမှာ မစ္စတာ McConnell က ပြောသွားပါတယ်။

မစ္စတာ McConnell ဟာ အရင်က မြန်မာ စစ်အစိုးရအပေါ် ဒဏ်ခတ် ပိတ်ဆို့မှုတွေ လုပ်ဖို့ တောက်လျှောက် တောင်းဆိုလှုပ်ရှားခဲ့သူ ဖြစ်ပါတယ်။

အခုနောက်ပိုင်းမှာတော့ မြန်မာနိုင်ငံမှာ နိုင်ငံရေး ပြုပြင်ပြောင်းလဲမှု တချို့ ရှိလာတဲ့အတွက် အမေရိကန်က မြန်မာအစိုးရနဲ့ ဆက်ဆံရေးတွေ ပြန်လုပ်လာပြီး ဒဏ်ခတ် ပိတ်ဆို့မှုတွေ ဖြေလျှော့ပေးခဲ့တာကို ထောက်ခံ အားပေးခဲ့သူ ဖြစ်ပါတယ်။