အစိုးရစစ်တပ်ကို ဝစစ်တပ်ကဝိုင်းထားပြီ

  • 5 ဇွန် 2015
uwsa
Image caption ဝတပ်ဖွဲ့ကို မြန်မာပြည်မှာ ဒုတိယ အကြီးဆုံးတပ်ဖွဲ့လို့ဆို

မိုင်းတုံ မြို့နယ် အနီးမှာ အစိုးရ တပ်ရင်းတရင်းကို ဝတပ်ရင်း နှစ်ရင်းက ဝိုင်းထားပါတယ်။

ပြီးခဲ့တဲ့ ဇွန်လ ၃ ၇က်နေ့က မိုင်းတုံနဲ့ ပုံပါကျင်မြို့နယ်ခွဲအကြားမှာ သစ်ထုတ်လုပ်နေတဲ့ UWSA ဝတပ်ဖွဲ့လက်အောက်ခံအဖွဲ့ကို အစိုးရ စစ်တပ်က ဖမ်းဆီးခဲ့ရာက စပြီး ဝနဲ့ အစိုးရအကြား စစ်ရေးအရ တင်းမာမှု ဖြစ်ပွားလာတာ ဖြစ်ပါတယ်။

UWSA ဝပြည်သွေးစည်းညီညွတ်ရေး တပ်မတော်က တာဝန်ပေးထားတဲ့ သစ်ခုတ်အဖွဲ့ဟာ စီးပွားဖြစ်သစ်ထုတ်လုပ်တာ မဟုတ်ဘဲ၊ ဝပြည်သွေးစည်းညီညွတ်ရေး တပ်မတော်ရဲ့ ခွင့်ပြုချက်နဲ့ အသုံးပြုဖို့အတွက် ပမာဏ အနည်းငယ်ကိုသာ ထုတ်လုပ်တာလို့ ဝပြည်သွေးစည်းညီညွတ်ရေး ပါတီရဲ့ ပေါ်လစ်ဗျူရို (နိုင်ငံရေးဦးဆောင်အဖွဲ့ဝင်) ဦးအောင်မြင့်က ပြောပါတယ်။

ဒါ့အပြင် မိုင်းတုံ၊ ပုံပါကျင် လမ်းမတလျှောက်ကိုလည်း ဝစစ်တပ်က ဖြန့်ကျက်နေရာယူထားတယ်လို့ ဒေသခံတချို့က ပြောပါတယ်။

အစိုးရ စစ်တပ်က သစ်ထုတ်လုပ်သူ ၁၆ ယောက်ကို ဖမ်းဆီးသွားခဲ့ပြီး မြန်မာ ၁၀ ယောက်ကိုတော့ အရေးမယူဘဲ ကျန် ၆ ယောက်ကိုသာ အရေးယူတာဟာ လူမျိုးရေး ခွဲခြားတယ်လို့ ဝပြည်သွေးစည်းညီညွတ်ရေးပါတီ အောက်ပိုင်း လူကြီး တချို့က ယူဆပြီး မကျေမနပ်ဖြစ်ခဲ့တယ်လို့ ဦးအောင်မြင့်က ပြောပါတယ်။

ဒါ့အပြင် ရဲနဲ့ သစ်တောဝန်ထမ်းတွေက ဖမ်းဆီးရင် ပြဿနာဖြစ်စရာမရှိပေမယ့် အစိုးရစစ်တပ်ကဝင်ရောက်ဖမ်းဆီးခဲ့တာဟာ ဝနယ်မြေကို ကျူးကျော်ရာရောက်သလို အရင်ကရှိခဲ့တဲ့ သဘောတူညီချက်တွေကို ချိုးဖောက်ရာ ရောက်တယ်လို့ ဦးအောင်မြင့်က ဆိုပါတယ်။

ဝပြည်သွေးစည်းညီညွတ်ရေးတပ်မတော်ဟာ တိုင်းရင်းသားလက်နက်ကိုင် တပ်ဖွဲ့တွေ အနက်မှာ အင်အား အတောင့်တင်းဆုံးဖြစ်ပြီး အင်အား သုံးသောင်းကျော်ရှိမယ်လို့ ခန့်မှန်းထားကြပါတယ်။

၂၀၀၉ ခုနှစ်မှာ အစိုးရက ဝကို နယ်ခြားစောင့်တပ်အဖြစ်ဖွဲ့စည်းဖို့ ဖိအားပေးခဲ့ပါတယ်။ ဝပြည်နယ်သွေးစည်းညီညွတ်ရေး တပ်မတော်က လက်မခံတဲ့ အတွက် ဝပြည်နယ်ထဲမှာရှိတဲ့ အစိုးရဝန်ထမ်းတွေနဲ့ အစိုးရ စစ်တပ်တွေကို ပြန်လည် ရုပ်သိမ်းခဲ့ပါတယ်။

အဲဒီအချိန်ကစပြီး ဝဒေသဟာ ဝပြည်သွေးစည်းညီညွတ်ရေးပါတီက သီးသန့်အုပ်ချုပ်တဲ့ ဒေသတခုလို ဖြစ်နေခဲ့ပါတယ်။