ဒေါ်အောင်ဆန်းစုကြည်နဲ့ ကျောင်းသား ကိုယ်စားလှယ်တွေတွေ့

  • 7 ဇွန် 2015
Image caption ဗကသ ကျောင်းသား ခေါင်းဆောင်တွေ ထောင်ကျ၊ ဝရမ်းထုတ် ခံထားရဆဲမို့ ဆွေးနွေးပွဲ မတက်ဘူးလို့ ကြေညာချက်ထုတ်

အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ပါတီ ဥက္ကဌ ဒေါ်အောင်ဆန်း စုကြည်ဟာ သူရဲ့နေအိမ်မှာ ကျောင်းသားသမဂ္ဂ အသီးသီးက ကိုယ်စားလှယ် ၆၂ဦးနဲ့ ဒီကနေ့ ဇွန်လ ၇ရက်နေ့မှာ တွေ့ဆုံခဲ့သလို ဆရာဆရာမများ အဖွဲ့ချုပ်နဲ့လည်း သီးခြားတွေ့ဆုံခဲ့ပါတယ်။

ပညာရေးသပိတ် ချီတက်မှုအတွင်း ဖမ်းဆီးခံထားရတဲ့ ကျောင်းသားတွေနဲ့ ဝန်းရံ ပြည်သူတွေ အတွက်ရော၊ မြင်းခြံမှာ ကျောင်းသား သမဂ္ဂ အလံ လွှင့်ထူခဲ့မှုနဲ့ ဖမ်းဆီးခံထားရတဲ့ ကျောင်းသားတွေ အတွက် ဒေါ်အောင်ဆန်း စုကြည်ရဲ့ ပညာရေး ကော်မီတီအနေနဲ့ ဘာတွေ လုပ်ပေးနိုင်မလဲ ဆိုတာကို ကျောင်းသားတွေဘက်က မေးမြန်းခဲ့တယ်လို့ သိရပါတယ်။

ဒီကိစ္စနဲ့ ပတ်သက်လို့ အတတ်နိုင်ဆုံး ကူညီပေးမယ်လို့ ဒေါ်အောင်ဆန်းစုကြည်တို့ ဘက်က ပြန်လည် ဖြေကြားခဲ့ကြောင်း၊ ဒါပေမယ့်လည်း ဘယ်လို ကူညီပေးမလဲဆိုတာကို စောင့်ကြည့်ပြီးမှ ကျေနပ် အားရမှု ရှိမရှိ ဆိုတာကို ကျောင်းသားတွေဘက်က ပြောနိုင်မှာ ဖြစ်ကြောင်း အဲဒီတွေ့ဆုံပွဲ တက်ရောက်ခဲ့တဲ့ ဆွေးနွေးခဲ့တဲ့ ရတနာပုံ ကျောင်းသား သမဂ္ဂက ကိုနိုင်ရဲဝေက ဘီဘီစီကို ပြောပါတယ်။

ဆရာဆရာမများ အဖွဲ့ချုပ်နဲ့ တွေ့ဆုံပွဲမှာတော့ ဆရာသမဂ္ဂ၊ ကျောင်းသားသမဂ္ဂ ကိစ္စတွေ အပါအဝင် ဆရာဆရာမတွေ အခွင့်အရေး ချိုးဖေါက် ခံရတာတွေ၊ ဧရာဝတီ သပိတ်စစ်ကြောင်းမှာ ပါဝင်လို့ ပုသိမ်တက္ကသိုလ်က ဆရာ ဦးဝေယံအောင် အဖမ်းခံခဲ့ရတဲ့ ကိစ္စတွေကို ဆွေးနွေးခဲ့တယ်လို့ တက်ရောက်ဆွေးနွေးခဲ့တဲ့ ဒေါက်တာ သက်နိုင်ဦးက ပြောပါတယ်။

ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသား သမဂ္ဂများ အဖွဲ့ချုပ်( ဗကသ ) ကျောင်းသားတွေကတော့ ဗကသ ကျောင်းသား ခေါင်းဆောင်တွေ ထောင်ကျ၊ ဝရမ်းထုတ် ခံထားရဆဲ ဖြစ်တာမို့ ဒီဆွေးနွေးပွဲကို မတက်ရောက်နိုင်ကြောင်း ကြေညာချက် ထုတ်ပြန်ခဲ့ပါတယ်။