လော်ခီးလာက အပစ်ရပ် စာချုပ် အချက်တွေ ပြင်ဖို့ ဆုံးဖြတ်

  • 8 ဇွန် 2015
ncct
Image caption ဘီဂျီအက်ဖ် လို ဖြစ် မ လား စိုးရိမ်ကြ

တနိုင်ငံလုံး အပစ်အခတ် ရပ်စဲရေး ဆိုင်ရာ ညှိနှိုင်း ဆောင်ရွက်ရေး အဖွဲ့ NCCT က ပြီးခဲ့တဲ့ မတ် လ တုန်း က အစိုးရရဲ့ ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး ကော်မီတီ UPWC နဲ့ သဘောတူ ထားတဲ့ တနိုင်ငံလုံး အပစ် အခတ် ရပ်စဲရေး သဘောတူ စာချုပ် ပါ အချက်တွေ ကို တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့ ခေါင်းဆောင် တွေ ရဲ့ အတည်ပြု ချက်တွေ၊ ပြင်ဆင်ချက် တွေ ရယူနိုင် ဖို့ လော်ခီးလာ မှာ လုပ်တဲ့ ညီလာခံ ပြီးဆုံး သွားပါပြီ။

လော်ခီးလာ ညီလာခံက သဘောတူ စာချုပ် ပါအချက်တွေ တချို့အချက်တွေ ကို ပြင်ဆင်ဖို့ ဆုံးဖြတ်ချက် ချ ခဲ့ပါတယ်။

ဒီညီလာခံကို တက်ရောက်ခဲ့တဲ့ သူ တချို့ ရဲ့ ပြောကြားချက် တွေအရ ပြင်ဆင်ဖို့ အကြံပြု ရာမှာ တဖက်နဲ့ တဖက် ညှိရ ခက်မယ့် မူပိုင်းဆိုင်ရာ အချက်တွေ ပါ၀င် နေတာ ကို သိရပါတယ်။

တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တွေရဲ့ အဓိက စိုးရိမ်ချက် ကတော့ နိုင်ငံရေး အရ သဘော တူညီချက် တွေ မရသေးပဲနဲ့ သူတို့ရဲ့ တပ်ပိုင်း ဆိုင်ရာ ကိစ္စတွေ ကို အပြောင်းအလဲ လုပ် လာရမှာ ကို ပါ။

တကယ်လို့ အပစ်အခတ် ရပ်စဲပြီး ကြ တဲ့နောက်ပိုင်း နိုင်ငံရေး သဘောတူညီ ချက် တွေ မရခင် တိုင်းရင်းသား လက်နက်ကိုင် တပ်တွေ ကို နယ်ခြားစောင့် တပ် ဘီဂျီအက်ဖ် လို တပ်မျိုး တွေ လို မြန်မာနိုင်ငံ ကာကွယ်ရေး ဦးစီးချုပ် ရဲ့ အစီအမံ အောက်မှာ ပဲ ထားလိုက် တော့မှာ လား ဆိုတော့ အပေါ် စိုးရိမ် ကြပါတယ်။ ဒီတော့ ဒီအချက်ကို အခု ညီလာခံမှာ ပြင်ဆင်ချက် လုပ် ထားတယ်။

အဲဒီအချက် ဟာ ပြီးခဲ့တဲ့ NCCT နဲ့ UPWC ဆွေးနွေးပွဲ ၇ ကြိမ် အားလုံးမှာ အခက်အခဲ ဆုံး အပိုင်းတွေထဲက တခု ဖြစ်ခဲ့ပြီး အစိုးရ ဘက် အထူးသဖြင့် စစ်တပ်ဖက် က အခု နောက်ဆုံး မူကြမ်း အတိုင်း ကိုသာ လက်ကိုင် ထား ထား တယ် လို့ သိရပါတယ်။

နောက် ခက်ခဲမယ့် တချက် ကတော့ အခြေခံမူ အပိုင်းမှာ ပါ။ ဒီမိုကရေစီ နဲ့ ဖက်ဒရယ် ပြည်ထောင်စု နိုင်ငံ တည်ထောင် မယ် ဆိုတဲ့ အခြေခံမူ မှာ ဖြစ်ပေါ် လာမယ့် နိုင်ငံရေး ဆွေးနွေးပွဲ ရဲ့ ရလဒ် အတိုင်း ဆိုတဲ့ စာသား ပါနေတာ ကို အခု တိုင်းရင်းသား ညီလာခံ က ဖြုတ်ဖို့ လိုလား ပါတယ်။ ဖက်ဒရယ် ပြည်ထောင်စု တည်ထောင် ဖို့ ဆိုတာ ကို နောင်လာမယ့် နိုင်ငံရေး ဆွေးနွေးပွဲ ရလဒ်ပေါ် မှာ မူမတည် စေပဲ မူအရ အခု ကတည်းက လက်ခံ ထား ဖို့ ဆိုလိုတာပါ။ ဒီအချက် ဟာ လည်း ဆွေးနွေးဘက် ၂ ဘက် အနေနဲ့ အတော် ဆွေးနွေး ရမယ် လို့ သုံးသပ် ကြပါတယ်။

တိုင်းရင်းသား အဖွဲ့တွေ အနေနဲ့ တခြား အရေးကြီးတဲ့ အချက် တချက် ကလည်း အစိုးရ ဘက်က တကယ့်ကိုပဲ တတိုင်းပြည် လုံး အပစ်အခတ် ရပ်ချင်တာ၊ တကယ့်ကို အဓိပ္ပာယ် ပြည့်ဝ တဲ့ အပစ်အခတ် ရပ်စဲရေး ဖြစ်ချင်တယ် ဆိုရင် အခု အပစ်အခတ် တွေ မငြိမ်း နိုင်သေး တဲ့ တအောင်း ပလောင် TNLA၊ ကိုးကန့်အဖွဲ့၊ ရခိုင့် တပ်မတော် အေအေ တို့ပါ လက်ခံ ပြီး အပစ်အခတ် ရပ်ဖို့ ၊ အပစ်အခတ် ရပ်စဲရေး သဘော တူညီ ချက် ကို လက်မှတ် ရေးထိုး ဖို့ ဆန္ဒ ရှိပြီး အစိုးရဖက် ကတော့ လောလောဆယ် အပစ်ရပ် ထားနိုင် တဲ့ အဖွဲ့တွေ ပဲ လက်မှတ် စထိုး ဖို့ လိုလား နေ တဲ့ အချက် ကလ ည်း ၂ ဘက် ဆွေးနွေးပွဲ တွေ မှာ အကန့် အသတ် အတော်ကြီး နေတာ ကို တွေ့နေရပါတယ်။

အခု အစိုးရ ကိုယ်စားလှယ် UPWC နဲ့ ဆွေးနွေးဖို့ NCCT ထက် ပိုပြီး တိုင်းရင်းသား အဖွဲ့ တွေ က ပိုပြီး အာဏာ အပ်နှင်း ထား တဲ့ ဆွေးနွေး ညှိနှိုင်းရေး အဖွဲ့ ကို ကရင် အမျိုးသား အစည်းအရုံး ကေအန်ယူ ဒုဥက္ကဋ္ဌ နော်စီဖိုးရာစိန်၊ ကချင် လွတ်မြောက်ရေး အဖွဲ့ ဒုဥက္ကဋ္ဌ ဒေါက်တာ လဂျာ တို့ ဦးဆောင် ပြီး သွားဆွေးနွေး ဖို့ ရှိပေမယ့် လည်း တကယ် ပြေလည် နိုင်ဖို့ က အစိုးရ ဘက် က နိုင်ငံရေး ဆန္ဒတွေ၊ တွေ့ဆုံ ညှိနှိုင်း ကြသူ တွေ ရဲ့ နည်းနာ တွေ လုပ်ပိုင်ခွင့် တွေ အပေါ်မှာ အဓိက မူတည် နေတာပါ။

ဒီတော့ အစိုးရ က လာမယ့် ဇူလိုင် သြဂုတ် လတွေ အတွင်း တနိုင်ငံလုံးအပစ် အခတ် ရပ်စဲရေး စာချုပ် ချုပ် မယ် ဆိုတဲ့ ရည်မှန်းချက် ချ ထားပေမယ့် တနိုင်ငံလုံး အပစ်အခတ် ရပ်ပြီး ငြိမ်းချမ်းရေး ကို မျှော်မှန်း နိုင်ဖို့ ကတော့ ၂၀၁၅ ရွေးကောက်ပွဲ ကာလ တိုင် ဖြစ်လာဖို့ မလွယ်ဘူး လို့ သုံးသပ် ပြော နေပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ