ရိုဟင်ဂျာအရေး နိုဘဲလ်ဆုရှင် မာလာလာ တိုက်တွန်း

  • 9 ဇွန် 2015
Malala YusufZai ဓာတ်ပုံ မူပိုင်
Image caption မာလာလာ ပြောတဲ့ စကားတခွန်း အလကားတော့ မဖြစ်နိုင်ဘူးလို့ သုံးသပ်မှု ရှိနေ

နိုဘဲလ် ငြိမ်းချမ်းရေး ဆုရှင် ပါကစ္စတန် ကျောင်းသူ မာလာလာ ယူဆွတ်ဖ် ဇေ Malala Yusufzai က မြန်မာနိုင်ငံမှာ ရိုဟင်ဂျာတွေ အပေါ် လူမဆန်တဲ့ ဆက်ဆံမှုတွေ ရပ်တန့်ဖို့ တောင်းဆိုလိုက် ပါတယ်။

ကမ္ဘာ့ ခေါင်းဆောင်တွေ အနေနဲ့လည်း မြန်မာ အစိုးရကို ဝိုင်းဝန်း တောင်းဆို ကြဖို့ မာလာလာက တိုက်တွန်း တဲ့ အကြောင်း Time မဂ္ဂဇင်း အွန်လိုင်း သတင်းမှာ ဖော်ပြ ပါတယ်။

မာလာလာဟာ မိန်းကလေးတွေ ကျောင်းနေတာကို ဆန့်ကျင်တဲ့ တာလီဘန် သူပုန်တွေက ၂၀၁၂ ခုနှစ်တုန်းက နားထင်ကို သေနတ်နဲ့ ပစ်တာခံခဲ့ရဖူးသူဖြစ်ပါတယ်။ ၂၀၁၄ ခုမှာတော့ ငြိမ်းချမ်းရေး နိုဗဲလ် ဆုရခဲ့ပါတယ်။

ရိုဟင်ဂျာ အရေးနဲ့ ပတ်သက်ပြီး အခုလို ပြောဆိုမှုကို ကမ္ဘာ့ ခေါင်းဆောင်တွေ အထူးသဖြင့် မူဆလင် လောကက ဘယ်လောက် အလေးအနက်ထားနိုင်မလဲ ဆိုတာ အတိအကျတော့ မပြောနိုင်ပေမဲ့ သူ့ စကားတခွန်းဟာ အလကား မဖြစ်နိုင်မှာတော့ သေချာတယ်လို့ ဘီဘီစီ အူရဒူဌာနက Production Development Manager ရှာဖီ နာကီ ဂျာမီက ပြောပါတယ်။

ဘာကြောင့်လဲ ဆိုတော့ မာလာလာ ဆိုတာဟာ ပါကစ္စတန်မှာ နာမည်ကြီးပုဂ္ဂိုလ်ဖြစ်ပြီး မွတ်ဆလင်လောက မှာလည်း နာမည်ကြီးတဲ့ အပြင် သူပြောသမျှ သတင်းခေါင်းကြီး အတင်ခံနေရတဲ့ ပုဂ္ဂိုလ်မျိုး ဖြစ်တယ်လို့ သူက ပြောပါတယ်။

သူက မြန်မာခေါင်းဆောင်တွေကိုလည်း တိုက်တွန်းတယ်ဆိုပေမယ့် မြန်မာအစိုးရ ခေါင်းဆောင်တွေကတော့ ရိုဟင်ဂျာဆိုတဲ့စကားလုံးကိုတောင် ခါးခါးသီးသီး ငြင်းဆန်ထားတာဖြစ်ပါတယ်။

အတိုက်အခံ နိုင်ငံရေး ခေါင်းဆောင်တွေ ဆိုရင်လည်း ဒေါ်အောင်ဆန်း စုကြည်အပါအဝင် တခြား ဘယ်တိုင်းရင်းသား ခေါင်းဆောင်ကမှ သူတို့ဘက်က မားမား မတ်မတ်ရပ်တည် ပြောဆိုကြတာမျိုး မရှိသလောက် ဖြစ်နေပါတယ်။

မာလာလာက ရိုဟင်ဂျာတွေကို မြန်မာအစိုးရက ကောင်းကောင်းမွန်မွန် မဆက်ဆံဘူး၊ သူတို့ကို ညီညီမျှမျှ ဆက်ဆံသင့်တယ်၊ တန်းတူအခွင့်အရေး ပေးသင့်တယ် ဆိုတာတွေကို ပြောထားတာတွေဟာ လူသားဆန်ပြီး လူ့အခွင့်အရေး စံနှုန်းနဲ့ ကိုက်ညီတဲ့ အတွက် လူတွေရဲ့ နှလုံးသားတွေကိုတော့ ကိုင်လှုပ်နိုင်မှာပါလို့ သူက သုံးသပ် ပါတယ်။