ဒေါ်အောင်ဆန်းစုကြည် တရုတ်နိုင်ငံကို ထွက်ခွာ

  • 10 ဇွန် 2015
ဓာတ်ပုံ မူပိုင် epa
Image caption တရုတ်နိုင်ငံကို သွားမယ့် ဒေါ်အောင်ဆန်း စုကြည်ကို တရုတ် သံအမတ်ကြီး လေဆိပ်မှာ ပို့ဆောင် နှုတ်ဆက်

NLD အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်ဟာ ပထမဆုံးအကြိမ် အဖြစ် တရုတ်နိုင်ငံကို ဒီကနေ့ ဗုဒ္ဓဟူးနေ့မနက်မှာ ထွက်ခွာသွားပြီ ဖြစ်ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ဟာ တရုတ် ကွန်မြူနစ်ပါတီရဲ့ ဖိတ်ကြားချက် အရ NLD ပါတီဝင် ကိုယ်စားလှယ် အဖွဲ့နဲ့ အတူ အခုလို သွားရောက်တာပါ။

ဇွန်လ ၁၄ရက်နေ့အထိ ၅ရက်ကြာ ခရီးစဉ်အတွင်း ဒေါ်အောင်ဆန်းစုကြည်ဟာ တရုတ်သမ္မတနဲ့ ဝန်ကြီးချုပ်တို့ အပါအဝင် ထိပ်တန်း ခေါင်းဆောင်တွေနဲ့ တွေ့ဆုံဖို့ ရှိပါတယ်။

အရင် မြန်မာ အစိုးရတွေနဲ့ရော၊ လက်ရှိ အစိုးရနဲ့ပါ ချစ်ကြည် ရင်းနှီးတဲ့ ဆက်ဆံရေး ထားရှိတဲ့ တရုတ်အစိုးရက ဒီမိုကရေစီ အတိုက်အခံခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို အခုလို ဖိတ်ကြားခဲ့တာဟာ တရုတ်နိုင်ငံရဲ့ ပြောင်းလဲလာတဲ့ နိုင်ငံခြားရေး မူဝါဒကြောင့် ဖြစ်သလို ၂၀၁၅ ရွေးကောက်ပွဲမှာ NLD က အနိုင်ရခဲ့ရင် NLD ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်ဟာလည်း မြန်မာ့ နိုင်ငံရေးမှာ ကြီးမားတဲ့ အခန်းကဏ္ဍကနေ ပါဝင်လာ နိုင်တာကြောင့်လည်း ဖြစ်နိုင်တယ်လို့ တရုတ်မြန်မာ ဆက်ဆံရေး အကြောင်း လေ့လာ စောင့်ကြည့်သူတဦး ဖြစ်တဲ့ ဒေါက်တာ လှကျော်ဇောက သုံးသပ်ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ရဲ့ တရုတ်ပြည် ခရီးစဉ်နဲ့ ပတ်သက်လို့ တရုတ်နိုင်ငံတွင်းမှာ အတော်လေး စိတ်ဝင်တစား ရှိကြတာ တွေ့ရပါတယ်။

ဒီကနေ့ ဗုဒ္ဓဟူးနေ့ထုတ် တရုတ် အစိုးရပိုင် Global Times သတင်းစာ အာဘော်မှာ ဆိုရင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ တရုတ်နိုင်ငံအပေါ် ရပ်တည်မှု သဘောထားနဲ့ ပတ်သက်လို့ ကြီးမားတဲ့ မျှော်လင့်ချက် ထားနေတဲ့ ပုံ ဖေါ်ပြထားတာ တွေ့ရပါတယ်။

မြန်မာအစိုးရရဲ့ ဒီမိုကရေစီ ပြုပြင်ပြောင်းလဲမှုတွေအပေါ် ပြင်းပြင်းထန်ထန် ဝေဖန်ထားပြီး မြန်မာအစိုးရဟာ လူမှုအသိုင်းအဝိုင်းပေါ် ထိန်းချုပ်နိုင်စွမ်း မရှိတော့ဘူးလို့ ဝေဖန်ထားပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ကတော့ အခုနှစ်ပိုင်းတွေ အတွင်းမှာ တရုတ်နိုင်ငံအပေါ် အပြုသဘော ပြောလာတာ တွေ့ရတယ်။ဒေါ်အောင်ဆန်း စုကြည်ဟာ တရုတ်နိုင်ငံရဲ့ မိတ်ဆွေကောင်းတဦး ဖြစ်လာမယ် ဆိုပြီး တရုတ်အစိုးရပိုင် Global Times သတင်းစာမှာ ဖေါ်ပြထားပါတယ်။

လောလောဆယ်မှာတော့ တရုတ်အစိုးရရဲ့ တရားဝင် သတင်းတွေထဲမှာ ဒေါ်အောင်ဆန်းစုကြည်ကို အရေးပါတဲ့ နိုင်ငံရေး ပုဂ္ဂိုလ်တဦး အနေနဲ့သာ ညွှန်းဆိုထားပြီး နိုဘယ်လ် ငြိမ်းချမ်းရေး ဆု ချီးမြှင့်ခံခဲ့ရတာ၊ နှစ်ရှည်လများ အကျယ်ချုပ် ထိန်းသိမ်းခံခဲ့ရတာတွေနဲ့ ပတ်သက်လို့တော့ ထည့်သွင်းပြောမထားပါဘူး။

ဒါပေမယ့်လည်း တရုတ်ပြည်သူတွေရဲ့ လူမှုကွန်ရက် စာမျက်နှာတွေပေါ်မှာတော့ နိုဘယ်လ်ငြိမ်းချမ်းရေး ဆုရှင်ဖြစ်တဲ့ဒေါ်အောင်ဆန်းစုကြည်ဟာ ဒီမိုကရေစီအရေး လှုပ်ရှားဆောင်ရွက်နေသူ ဖြစ်ပြီး အကြမ်းဖက်မှုကို အကြမ်းဖက်မှုနဲ့ တုန့်ပြန်တာကို ဆန့်ကျင်သူ ဖြစ်တယ်လို့ ဖေါ်ပြထားသလို အကျဉ်းကျခံခဲ့ဖူးတဲ့ နိုဘယ်လ် ငြိမ်းချမ်းရေး ဆုရှင်တဦး တရုတ်နိုင်ငံကို လာလည်တဲ့အချိန်မှာ နောက်ငြိမ်းချမ်းရေး ဆုရှင်တဦး ဖြစ်တဲ့ တရုတ်လူမျိုး လူရှောင်ဘိုကတော့ အကျဉ်းကျခံနေရဆဲပဲလို့ ဝေဖန် ရေးထားပါတယ်။

နောက်တနေရာမှာတော့ မြန်မာအစိုးရကို ဆန့်ကျင်တဲ့ လေသံတွေ တွေ့ရပြီး ဒေါ်အောင်ဆန်းစုကြည်ကို တရုတ်အစိုးရက အခုလို ဖိတ်ကြားခဲ့တဲ့အတွက် မြန်မာအစိုးရတော့ အတော်ကြီးအထိနာသွားမှာ ဖြစ်တယ်။ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ခရီးစဉ်ဟာ မြန်မာအစိုးရအပေါ် သွေးတိုးစမ်းဖို့ တရုတ်အစိုးရအတွက် အခွင့်ကောင်းပဲလို့ ရေးထားပါတယ်။

ဒါပေမယ့်လည်း ဒေါ်အောင်ဆန်းစုကြည်ကို အခုလို ဖိတ်ကြားခဲ့တာဟာ တရုတ်အစိုးရ ခေါင်းဆောင်တွေ အနေနဲ့ ဒီမိုကရေစီစနစ်ကို အလေးထားလာပြီ ဆိုတဲ့ သဘောလို့တော့ မယူဆနိုင်ပါဘူး ဆိုပြီး တယောက်က မှတ်ချက်ချထားတာ တွေ့ရပါတယ်။