ဒေါ်အောင်ဆန်း စုကြည် တရုတ်နိုင်ငံ ရောက်ရှိ

  • 10 ဇွန် 2015
Burmese Opposition Leader Daw Aung San Suu Kyi ဓာတ်ပုံ မူပိုင် AP
Image caption ဒေါ်အောင်ဆန်း စုကြည် ရန်ကုန်လေဆိပ်ကနေ တရုတ်နိုင်ငံကို ထွက်ခွာ

အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်း စုကြည်ဟာ တရုတ်နိုင်ငံကို ဇွန်လ ၁၀ ရက်နေ့က ရောက်ရှိသွားပြီ ဖြစ်ပါတယ်။

တရုတ် ကွန်မြူနစ် ပါတီရဲ့ ဖိတ်ကြားချက်နဲ့ သွားခဲ့တဲ့ ပထမဆုံး အကြိမ် ဒီခရီးစဉ်အတွင်း ဒေါ်အောင်ဆန်း စုကြည်က တရုတ်သမ္မတ၊ တရုတ် ဝန်ကြီးချုပ်တို့နဲ့ တွေ့ဆုံမှာ ဖြစ် ပါတယ်။

အခု ခရီးစဉ်ဟာ NLD နဲ့ ဒေါ်အောင်ဆန်း စုကြည်အတွက် အရေးကြီးတယ်၊ တရုတ် နိုင်ငံက အတိုက်အခံ ခေါင်းဆောင် ဒေါ်အောင်ဆန်း စုကြည်ကို ဖိတ်တယ် ဆိုတာ သမိုင်းတွင်တဲ့ ခရီးစဉ် ဖြစ်တယ်လို့ အန်အယ်လ်ဒီ ဗဟို အလုပ်အမှုဆောင် အဖွဲ့ဝင် ဦးဝင်းထိန်က ဘီဘီစီကို ပြောပါတယ်။

အခု ခရီးစဉ်နဲ့ ပတ်သက်လို့ တရုတ် အစိုးရ ဘက်က သိုသို သိပ်သိပ် လုပ်ဆောင်တဲ့ အတွက် အစီအစဉ် အတိအကျတောင် မသိဘူးလို့ သူက ပြောပါတယ်။

ဒေါ်အောင်ဆန်း စုကြည် ဘက်ကတော့ နှစ်ပေါင်း များစွာ ဆက်ဆံ လာခဲ့တဲ့ အိမ်နီးချင်း တရုတ် နိုင်ငံနဲ့ ချစ်ကြည်ရေးဟာ အနာဂါတ်မှာ နှစ်နိုင်ငံ စလုံးအတွက် တန်ဖိုးရှိနိုင်လို့ နှစ်နိုင်ငံ ချစ်ကြည်ရေးနဲ့ ပါတီ နှစ်ခု ချစ်ကြည်ရေး တိုးချဲ့လိုတဲ့ သဘော ရှိတယ်လို့လည်း ဦးဝင်းထိန်က ပြောပါတယ်။

နှစ်နိုင်ငံ ဆက်ဆံရေး တိုးတက် အဆင်ပြေစေဖို့ ဆိုရင် အာဃာတ တရားတွေကို ဖျောက်ဖျက်ပြီး အတိတ်က ဖြစ်ခဲ့တာတွေကို ပြန်မဖော်ဘဲ ပူးတွဲ လုပ်ဆောင်နိုင်တာတွေကို အတူ ပူးတွဲ ဆောင်ရွက်မယ် ဆိုတဲ့ သဘောထား ဒေါ်အောင်ဆန်း စုကြည်မှာ ရှိတယ်လို့ သူက ပြောပါတယ်။

လွန်ခဲ့တဲ့ ၂၀၁၂ ကြားဖြတ် ရွေးကောက်ပွဲ မတိုင်ခင်ကအထိ NLD ကို အလေးမထားဘဲ လစ်လျူရှုခဲ့တဲ့ တရုတ် အစိုးရနဲ့ တရုတ် ကွန်မြူနစ် ပါတီဟာ ကြားဖြတ် ရွေးကောက်ပွဲမှာ အပြတ် အသတ် အနိုင်ရခဲ့တဲ့ NLD ကို ပစ်ပယ်ထားလို့ မရတော့ဘူးဆိုတဲ့ သဘောထားမျိုးကို ပြောင်းလာခဲ့တယ်လို့လည်း ဦးဝင်းထိန်က ပြောပါတယ်။

မြန်မာ နိုင်ငံမှာ ရှိတဲ့ တရုတ်ရဲ့ စီးပွားရေး လုပ်ငန်းတွေနဲ့ ပတ်သက်လို့လည်း ပိုပြီး တာဝန်ရှိရှိ လုပ်ဆောင်မယ်လို့ ယူဆတဲ့ အတွက် ပြည်သူလူထု အတွက်လည်း အထိုက် အလျောက်တော့ အကျိုးရှိမယ် ထင်တယ်လို့ သူက ဆိုပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ