မိုးကုတ် ရေပူကျောင်း ဆရာတော် ကို ဖမ်းဆီး

  • 10 ဇွန် 2015
jail
Image caption သာသနာ့မြေမှာ မြေတူးလို့ ဆိုပြီး ဖမ်းဆီး

မိုးကုတ်မြို့ ရေပူ ရပ်ကွက် က ရေပူကျောင်း ဆရာတော် ကို ရှေးဟောင်း သာသနာ့မြေ မှာ မြေတူးလို့ ဆိုပြီး သက်ဆိုင်ရာ က လူဝတ်လဲပြီး ဖမ်းဆီး လိုက်ပါတယ်။

မိုးကုတ် မြို့ က သက်တော် ၄၅ နှစ် အရွယ် ရေပူကျောင်း ဆရာတော် ဦးဣန္ဒက ကို အင်္ဂါ နေ့ည ၉ နာရီ ဝန်းကျင် က နယ်မြေခံ ရဲတပ်ဖွဲ့က ဖမ်းသွားပြီး ဗုဒ္ဓဟူး နေ့ မနက် မှာ လူဝတ်လဲ ပြီး ရမန်ယူ လိုက်ပါတယ်။

ရှေးဟောင်း စေတီ ၅ ဆူကို ဖျက်ဆီးပစ်မှုနဲ့ ကျောက်မျက် ဥပဒေ နဲ့ ဆရာတော်ကို စွဲဆို ထားတယ်လို့ မိုးကုတ် မြို့နယ် ရဲမှူး ဦးကျော်ဝင်း က ဖြေပါတယ်။

ဆရာတော် ဦး ဣန္ဒက နဲ့ နီးစပ်တဲ့ မိုးကုတ် ဒေသခံ စိမ်းလန်း လူမှုရေး အသင်း ဥက္ကဋ္ဌ ဦးစိုးမြင့် ကတော့ ကျောင်းဟောင်းကြီး ပြိုခါနီးလို့ တောင်စောင်းကို ဖြိုပြီး ပြုပြင်ဖို့ လုပ်ရာမှာ စေတီ တချို့ကို ဖြိုလို့ ဒကာ တချို့က မကျေနပ်လို့ တိုင်တယ် ကြားရကြောင်း ပြောပါတယ်။

ဒီစေတီဟောင်း တွေက စုစည်းပြီး ဓာတ်ပေါင်းစု စေတီ တည်ဖို့ မြို့နယ် ဆရာတော် တွေက ခွင့်ပြု ထားတယ် လို့ သူက ပြောပါတယ်။

လောလောဆယ် မှာတော့ ဆရာတော် ကို မိုးကုတ် ရဲအချုပ်မှာ ထိမ်းသိမ်းထားပြီး ဒကာ ဒကာမ တွေနဲ့ တွေ့ခွင့် မရသေးဘူး လို့ ဦးစိုးမြင့်က ပြောပါတယ်။

ဆရာတော် ဦး ဣန္ဒက ဟာ ဝါတော် ၂၅ ဝါ ရပြီး ရေပူကျောင်းမှာ ကျောင်းထိုင် တာ ၁၅ နှစ် ရှိသွားပြီ ဖြစ်ပါတယ်။

ဆရာတော် ဟာ ၂ဝဝ၇ ရွှေဝါရောင် သံဃာ့ လှုပ်ရှားမှု မှာ ထဲထဲဝင်ဝင် ဦးဆောင် ခဲ့သ လို မိုးကုတ်မှာ အစိုးရနဲ့ နီးစပ်တဲ့ ကျောက်မျက် လုပ်ငန်းရှင် တွေ သိမ်း ထားတဲ့ မိုးကုတ် အင်း ကို အများ ပြည်သူ ပြန်ရ အောင် ဦးဆောင် ခဲ့တာ တွေ ကြောင့် အာဏာပိုင် တွေ စောင့်ကြည့်သူ စာရင်း ထဲမှာ ပါနေတယ် လို့ ဆရာတော် နဲ့ ရင်းနှီးသူ တွေ က သုံးသပ် နေကြပါတယ်။

ဆရာတော် လွတ်မြောက် ရေး အတွက် ရေပူရွာ က ဒကာဒကာမ တွေက လက်မှတ်တွေ စုဆောင်း ပြီး နိုင်ငံတော် အဆင့်နဲ့ တရားရေး ဆိုင်ရာ တွေကို ပေးပို့ သွားမယ် လို့ မိုးကုတ် ၈၈ ငြိမ်းချမ်းရေးနဲ့ ပွင့်လင်း လူ့အဖွဲ့အစည်း ဝင် ဦးစိုးဌေး က ပြော ပါတယ် ။

ဒီသတင်းနဲ့ပတ်သက်သမျှ