လှေစီးဒုက္ခသည် ၅၀၀ ကျော်ကို ဘင်္ဂလားဒေ့ရှ်က စိစစ်နေ

  • 12 ဇွန် 2015
_myanmar_transfer_150_migrants_boat_people ဓာတ်ပုံ မူပိုင် EPA
Image caption ပထမ အယောက် ၂၀၀ ထဲ က ၁၅၀ ကို တော့ ဘင်္ဂလားဒေ့ရှ်နိုင်ငံ ကနေ ပြန်လည် လက်ခံ ခဲ့ ပြီး ဖြစ်။

မြန်မာ ရေပိုက်နက် ထဲ ကနေ ဒုတိယ အကြိမ် အနေနဲ့ ကယ်ဆယ် ထားရတဲ့ လှေစီး ပြေး ဒုက္ခ သည် ၇၀၀ ကျော် ထဲ က ဘင်္ဂလားဒေ့ရှ် နိုင်ငံ ဘက်က သူတွေ လို့ ယူဆ ရ တဲ့ အယောက် ၅၀၀ ကျော် ကို သက်ဆိုင်ရာ နိုင်ငံ ကောင်စစ်ဝန် ရုံး က လာရောက် တွေ့ဆုံ ပြီး စိစစ် အတည်ပြု တဲ့ လုပ်ငန်း တွေ လုပ် ဆောင် နေပြီ လို့ ရခိုင် ပြည်နယ် အစိုးရ အရာရှိ တစ်ဦး က ပြောပါတယ်။

လူပေါင်း ၇၃၄ ယောက် ထဲ က ၅၄၆ ယောက် ဟာ တစ်ဘက် နိုင်ငံ က သူတွေ ဖြစ် ပြီး ကျန် ၁၈၀ ကျော် က တော့ မြန်မာ နိုင်ငံ ထဲ က နေ ထွက်ခွာ ခဲ့ သူ တွေ ဖြစ်တယ် ဆိုပြီး ရခိုင် ပြည်နယ် အစိုးရ အဖွဲ့ အတွင်းရေးမှူး ဦးတင်မောင်ဆွေ က ဘီဘီစီ ကို ပြောပါတယ်။

အဲဒီ့ အယောက် ၇၀၀ ကျော် ဟာ ပြီးခဲ့တဲ့ မေလ အကုန် ပိုင်း တုန်းက ဖျာပုံ မြို့နယ် ရဲ့ ကမ်းလွန် ပင်လင်ပြင် ကနေ ကယ်ဆယ် ခဲ့ရတာ ဖြစ်ပြီး ပထမ ဟိုင်းကြီး ကျွန်း နဲ့ နောက်ပိုင်း ရခိုင် ပြည်နယ် တောင်ပြို(လက်ဝဲ) မြို့ အနီး ဘင်္ဂလားဒေ့ရှ် နယ်စပ် မိုင်တိုင် ၃၇ တဝိုက် မှာ နေရာ ချ ထား ခဲ့တာ ဖြစ် ပါတယ်။

မြန်မာ နိုင်ငံ ထဲ က နေ ထွက်ခွာ ခဲ့ သူ တွေ ကို သူတို့ နေထိုင် မြို့ရွာ အသီးသီး ကို ပြန် လွှတ် လိုက် ပြီ ဖြစ်ပြီး၊ ကျန် ၅၀၀ ကျော် က တော့ ဘင်္ဂလား ဒေရှ် နိုင်ငံ ကနေ ပြန် လက်ခံ မယ် ဆိုတဲ့ အဆင့် မဟုတ် သေး ပဲ စီစစ် နေဆဲ အဆင့် ဖြစ် ပါတယ်။

ရခိုင် ပြည်နယ် ကမ်းလွန် က နေ ကယ် ဆယ် ထား ခဲ့ ရတဲ့ ပထမ အယောက် ၂၀၀ ထဲ က ၁၅၀ ကို တော့ ဘင်္ဂလားဒေ့ရှ်နိုင်ငံ ကနေ ပြန်လည် လက်ခံ ခဲ့ ပြီး ဖြစ် ပါတယ်။ နောက် ၃၇ ယောက် ကိုလည်း ပြန်လည် လက်ခံ ဖို့ ဘင်္ဂလားဒေ့ရှ် က အတည်ပြု ပြီး ဖြစ်တယ် လို့ ဦးတင်မောင်ဆွေ က ပြောပါတယ်။

ဒုက္ခသည် တွေ ရဲ့ နေရေး စားရေး နဲ့ ပတ်သက် ပြီး ရခိုင် ပြည်နယ် အစိုးရ နဲ့ နိုင်ငံတကာ အဖွဲ့အစည်း တွေ ပူးပေါင်း စီစဉ် ပေး ထားတယ် လို့လည်း ဦးတင်မောင်ဆွေ က ဆိုပါတယ်။

မြန်မာ့ ပင်လယ်ပြင် ထဲ မှာ မြန်မာ့ တပ်မတော် ရဲ့ ဝေဟင် ရေပြင် ကင်းလှည့် မှု တွေ ရှိ နေတဲ့ အတွက် အလားတူ လှေစီး ဒုက္ခသည် တွေ ရှိ နေ ရင် လည်း တွေ့ လာ ရမှာ ဖြစ်တယ် လို့ ဦးတင်မောင်ဆွေ က ပြောပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ